Local Education: မုန်တိုင်းဒဏ်သင့် စာသင်ကျောင်း ၇၀ ကျော် မပြင်နိုင်သေးတာကြောင့် ကျောင်းသားတွေ သင်ယူမှု အခက်အခဲတွေ့နေ

မေလကုန်က တိုက်ခတ်ခဲ့တဲ့ မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်း ၇၀၀ကျော်ပျက်စီးခဲ့ပါတယ်။

play

 

ရခိုင်ပြည်နယ်အတွင်း မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ စာသင်ကျောင်းတွေထဲမှ လုံးဝပျက်စီးသွားတဲ့ စာသင်ကျောင်း ၇၀ ကျော် ပြန်လည်တည်ဆောက်ဖို့ ကျန်ရှိနေပြီး ကျောင်းသားတွေအနေနဲ့ စာသင်ယူဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ စာသင်ကျောင်း ၇၆ကျောင်း ပြန်လည်တည်ဆောက်ဖို့ ကျန်ရှိနေပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့မှာ အများဆုံး ဖြစ်ကာ ကျောက်တော်၊ ကျောက်ဖြူ စတဲ့အခြားမြို့နယ်တွေမှ စာသင်ကျောင်းတွေ  ပါဝင်ကြောင်း  ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကပြောကြားထားတယ်လို့ သိရပါတယ်။

‘‘စာသင်ကျောင်းတွေ မဆောက်ရသေးတာ၊ ပြန်ပြင်နေတဲ့ ကျောင်းတွေ မပြီးသေးတာတွေကြောင့် ဓမ္မာရုံတို့၊ ဘုန်းကြီး ကျောင်းတို့မှာ စာသင်နေကြရတယ်။ ကျောင်းသားတွေနေရာအကျပ်အတည်းရှိတာပေါ့။ လေ၀င် လေထွက်နေရာအနေအထားကအစ အခက်အခဲရှိပါတယ်’’ လို့  ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လုံးဝပျက်စီးသွားတဲ့ အဆိုပါ စာသင်ကျောင်းတွေကို ပြန်လည်တည်ဆောက်ဖို့  ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဘတ်ဂျက်ရရှိပါက တည်ဆောက်မှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းကလည်း  ပြောကြားထားပါတယ်။

မေလကုန်က တိုက်ခတ်ခဲ့တဲ့ မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်း ၇၀၀ကျော်ပျက်စီးခဲ့ကာ အခြားသော ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်တွေလည်း ပျက်စီးခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး စာရင်းတွေမှာ ဖော်ပြထားပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ပညာရေးတက္ကသိုလ်တွေမှာ နယ်ကျော်တက်လိုတဲ့ ကျောင်းသားတွေကို လက်ခံသင်ကြားပေးမယ့် ဦးရေသတ်မှတ် )

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ