Entertainment: မန္တလေးမှာ လည်ပတ်စရာ ၉ နေရာ

သင်ဟာ မန္တလေးကို ပထမဆုံးအကြိမ် ခရီးသွားတော့မယ်ဆိုရင် အခုဖော်ပြမယ့်နေရာတွေကိုတော့ မဖြစ်မနေ သွားသင့်ပါတယ်။ အကြိမ်ကြိမ်ရောက်ဖူးပြီးသားသူတွေအတွက်လည်း ပြန်သွားလို့ ကောင်းလှတဲ့ နေရာတွေဖြစ်ပါတယ်။

play

 

တစ်ချိန်က မြန်မာပြည်ရဲ့မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးဟာ ခရီးသွားတွေ လည်ပတ်ချင်စရာ မျက်စိကျရာ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြည်တွင်းနေထိုင်သူတွေလည်း မရောက်ဖူးသေးရင် မန္တလေးကိုအနည်းဆုံး တစ်ကြိမ်လောက်တော့ ရောက်ဖူးချင်စိတ် ဖြစ်မိပါလိမ့်မယ်။ မန္တလေးကို တစ်ကြိမ်ရောက်ဖူးပြီးသွားရင်လည်း နောက်တစ်ကြိမ်ထပ်သွားချင်တဲ့ အာသီသကဖြစ်ပေါ်လာလေ့ရှိတာ သွားဖူးသူတွေ သိကြမှာပါ။

မန္တလေးရောက်ပြီးမှ ဘယ်သွားလို့၊ ဘယ်လာရမှန်းမသိဖြစ်နေတက်ပါတယ်။ ဒေသခံ အသိမိတ်ဆွေတွေရှိရင် အဆင်ပြေနိုင်ပေမယ့် တစ်ခါမှမရောက်ဖူးသူချင်းသွားတဲ့အခါ ဒါမျိုးဖြစ်တက်ပါတယ်။ သင်ဟာ မန္တလေးကို ခရီးမထွက်ဖူးသေးသူ ဖြစ်တယ်ဆိုရင်လည်း အောက်မှာဖော်ပြမယ့်အချက်တွေကို ဖတ်ပြီး သင့်ကိုယ်တိုင် ခရီးစဉ်ကို ဦးဆောင်သွားလာနိုင်ပါသေးတယ်။ အဲဒါကတွေကတော့……

၁။ နန်းတော်ဟောင်း

play

 

မြန်မာပြည်ရဲ့နောက်ဆုံးတော်ဝင်မျိုးဆက် နန်းစံသွားခဲ့တဲ့ မန္တလေးနန်းတော်ဆီကိုတော့ သင်မဖြစ်မနေသွားရမှာပါ။ ဒါက နံပတ် ၁ ဦးစားပေးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အထိအခိုက် အပျက်အစီးတွေကြောင့် ပြန်လည်ပြုပြင်ထားရတဲ့ အပိုင်းတွေလည်းရှိပါတယ်။ ဒါပေမယ့် ထီးနန်းစိုးစံ ခဲ့ကြစဉ်က နန်းတော်တွင်းအပြင်အဆင်တွေကိုတော့ သိသာရုံလောက်လေ့လာနိုင်ပါသေးတယ်။ နာရီစင်ပေါ်လည်း သင်တက်ကြည့်လို့ရပါတယ်။ ဒင်္ဂါးပြားတွေသွန်းလုပ်ခဲ့တဲ့နေရာနဲ့ နာရီစင်ကတော့ အတော်များများမူရင်းအတိုင်းရှိသေးတယ်လို့ သိရပါတယ်။ ဘယ်လိုပင်ဖြစ်စေ မန္တလေးရောက်ရင် နန်းတော်ထဲ သွားပြီးလေ့လာကြည့်ရမှာက သင့်တာဝန်ဖြစ်ပါတယ်။

၂။ မန္တလေးတောင်

play

 

မန္တလေးတောင်ကလည်း သင်ဦးစားပေးသွားရမယ့် အထဲမှာ ပါဝင်ပါတယ်။ တောင်ပေါ်ဘုရားရင်ပြင် ရောက်ခါနီးအထိ ဆိုင်ကယ်၊ မော်တော်ကားတွေနဲ့ တက်လို့ရပါတယ်။ ဟိုအရင်ကတော့ လှေကားစောင်းတန်း အတိုင်း အောက်ခြေကနေ တောင်ပေါ်ရောက်အောင် တက်ကြရတာဖြစ်ပါတယ်။ တောင်ထိပ်က ဘုရားရင်ပြင် ပေါ်ရောက်ရင် သင်မန္တလေးတစ်မြို့လုံးရဲ့ရှုခင်းကို ကြည့်နိုင်ပြီဖြစ်ပါတယ်။

၃။ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)

play

 

ကျောင်းဆောင်တစ်ခုလုံးကို ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားပြီး တစ်ချိန်က အနုပညာ ဗိသုကာ လက်ရာတွေကို မြင်နေရဆဲ ဖြစ်တဲ့ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ မန္တလေးမှာ အကောင်းအတိုင်း ကျန်တော့တာ အနည်းငယ်သာရှိတော့တဲ့ အဆောက်အဦတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီကျောင်းဆောင်ကြီးကို အမရပူရမှာ အရင်တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေးဘက်ကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

၎။ ကုသိုလ်တော်ဘုရား

play

 

အပြင်ကကြည့်လိုက်ရင် အုတ်တိုက်ငယ်လေးတွေအတွင်းမှာရှိတာ ဘုရားဆင်းတုတွေလို့ ထင်ချင်စရာ ရှိပါတယ်။ တကယ်တော့ ကျောက်စာတွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ကျောက်စာပေါင်း ၇၂၉ ချပ်ကို ကုသိုလ်တော်ဘုရားမှာ ဖတ်ရှုနိုင်ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် မှတ်တမ်းဝင်ခြင်းခံထားရပါတယ်။ မန္တလေးရောက်ရင် ကုသိုလ်တော်ဘုရားကိုလည်း ရောက်အောင်သွားသင့်ပါတယ်။

၅။ တောင်သမန်အင်းနှင့် ဦးပိန် တံတား

play

 

သင့်အတွက်ပိုပြီးပျော်စရာဖြစ်မယ့် နေရာတွေလာပါပြီ။ မန္တလေးရဲ့ပြယုဂ်တစ်ခုလည်း ဖြစ်တဲ့ ဦးပိန်တံတားကို လည်းသင်ချန်ထားလို့မဖြစ်ပါဘူး။ ဦးပိန်တံတားရောက်သွားတဲ့အချိန် နေနဲနဲပူနေသေးတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ တံတားခြေရင်းက အကြော်ဆိုင်တွေမှာ အကြော်စားရင်း ခဏအမောဖြေလို့ရပါတယ်။ နေနည်းနည်း စောင်းသွားရင်တော့ တံတားပေါ်တက်ပြီးလမ်းလျှောက်ကြည့်ပေါ့။ အဲဒီအချိန်ဆို တံတားပေါ်မှာ လူများတက်ပါတယ်။ အတော်များများကတော့ တံတားဟိုဘက်ထိပ်အထိ ဆုံးတောင် လျှောက်လေ့မရှိကြပါဘူး။

၆။ မဟာမုနီဘုရားကြီး

play

 

မန္တလေးရဲ့ မဟာမုနိဘုရားကြီးကိုလည်း သွားရောက်ဖူးမျှော်ဖို့ မမေ့ပါနဲ့ဦး။ မနက်စောစော ဘုရားကြီးမှာ ရွှေသင်္ကန်းနဲ့ ပန်းတွေကပ်ရတာ ကြည်နူးဖို့ ကောင်းပါတယ်။

၇။ ဈေးချို

play

 

ဒေသထွက်ပစ္စည်းတွေ ဝယ်ဖို့ ဈေးချိုကိုလည်း မဖြစ်မနေသွားရမှာပါ။ မြန်မာပြည် အလယ်ပိုင်းထွက်ကုန်တွေ အတော်များများဈေးချိုမှာ ရနိုင်ပါလိမ့်မယ်။ သင့်အတွက် လက်ဆောင်ဝယ်ဖို့တင်မဟုတ်ပဲ လတ်တလာ လိုအပ်တဲ့ပစ္စည်းတွေလည်း ဈေးချိုမှာ ရနိုင်ပါတယ်။ ပိုးထည်၊ လက်ဖက်၊ ကတီပါဖိနပ် စတဲ့နာမည်ကျော် ဒေသထွက်ကုန်တွေကို ဈေးချိုမှာ သင်ပေါပေါများများ ဝယ်ယူနိုင်ပါသေးတယ်။

၈။ night out

play

 

နေ့လည်ဘက်မှာ ဝေးဝေးလံလံနေရာတွေ သွားပြီးလို့ ပြန်လာတဲ့အခါ ညဘက်ရောက်ရင် သင် night out ထွက်နိုင်ပါပြီ။ အကင်ဆိုင်နဲ့ ဘီယာဆိုင်တွေ သင်သွားတဲ့လမ်းတစ်လျှောက်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် နာမည်ကျော် အစားအသောက်ဆိုင်တွေ ဘယ်နားမှာရှိလဲဆိုတာ လမ်းမှာတွေ့တဲ့ မြို့ခံတွေကို အလွယ်တကူ မေးမြန်းနိုင်ပါတယ်။ မန္တလေးညချမ်းဟာ သင့်ကိုပျင်းရိစေမှာ မဟုတ်ပါဘူး။

၉။ အင်းဝ

play

 

သင့်မှာအချိန်နည်းနည်းရသေးရင် အင်းဝ မြို့ဟောင်းကိုလည်း သွားရောက်နိုင်ပါသေးတယ်။ ကားစင်းလုံးငှားပြီး သွားရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။ မန္တလေးထက်အရင် မြန်မာဘုရင်တွေစိုးစံခဲ့တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့ပြီး ပိုမိုရှေးကျတဲ့ ဗိသုကာလက်ရာအချို့ ကျန်နေပါသေးတယ်။ ၁၈၃၉ ခုနှစ်မှာ ကြီးမားတွေငလျင်ဒဏ်တွေ ခံစားခဲ့ရပြီးတဲ့နောက် အင်းဝနေပြည်တော်ကြီးကို စွန့်ခွာခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးနန်းတော်ဟောင်းထက် ပိုမိုလှပတဲ့ ရှုခင်းတွေ အင်းဝနေပြည်တော်ဟောင်းဆီမှာ ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ