Cele YatKwat: အပြိုင်အဆိုင်ညှို့ကြမယ့် ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီး

နိုဝင်ဘာလ ၁၇ ရက်နေ့ ရုံတင်ပြသသွားမှာပါ။

လောကမှာ ငွေဂုဏ်၊ ကြေးဂုဏ်ပြည့်စုံချမ်းသာ မောက်မာနေတဲ့ သူတွေက ဆင်းရဲသားလူတန်းစားတွေအပေါ် အနိုင်ကျင့်စော်ကား ခဲ့ပါက ဒီမကောင်းမှုပြစ်ဒဏ်တို့ကို မသေခင်ပြန်လည်ခံစားရမယ်ဆိုတဲ့ အသိပညာပေးရုပ်ရှင်ဇာတ်ကားကို သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းအဖြစ် ပုံဖော်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ရုံမတင်ခင် ဇာတ်လမ်းအမြည်းလေးကို Duwun Media  ကနေ မျှဝေပေးလိုက်ပါတယ်။

play

 

ပိုင်စိုးလို့ခေါ်တဲ့ လူငယ်တစ်ယောက်ကတော့ စင်္ကာပူနိုင်ငံမှာ စီးပွားရေးပါရဂူဘွဲ့ရရှိထားပြီး အောင်မြင်နေတဲ့လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို ခဏအလည်ပြန်လာတဲ့အချိန် လေယာဉ်ပေါ်မှာ ရာဇဘွား ဆိုတဲ့ လူငယ် တစ်ယောက်ရဲ့ ဂျစ်ကန်ကန်ပုံစံမျိုးကို စိတ်တိုင်းမကျဖြစ်ခဲ့ရပါသေးတယ်။ လေယာဉ်ကွင်းရောက်တော့လည်း စောင့်ကြွားကြွား နိုင်လွန်းလှတဲ့ အပြောအဆိုတွေကြောင့် ပိုင်စိုးတစ်ယောက် ရာဇဘွားက ဘယ်လိုလူဆိုတာကို သိချင်မိတော့တာပေါ့။ ရာဇဘွားက ရန်ကုန်မြို့မှာရှိတဲ့ အချမ်းသာဆုံးစာရင်းဝင် မိသားစုထဲက သားတစ်ယောက်ဆိုတာ သိခဲ့ရတော့ သူ့ပုံစံက ဖြစ်လည်း ဖြစ်နိုင် လောက် ပါတယ်ဆိုပြီး စဉ်းစားခဲ့ပါသေးတယ်။

play

 

ပိုင်စိုးတစ်ယောက် သူငယ်ချင်းဖြစ်သူ ဒါရိုက်တာဇေရတုနဲ့ တွေ့ပြီး ပြင်ဦးလွင်မှာရှိတဲ့ ရိုက်ကွင်းကို လိုက်သွားခဲ့ပါတယ်။ လမ်းတစ် နေရာ အရောက် ဘုရားပန်းတွေလှလွန်းလို့ ဆင်းဝယ်ကြရင်း အသားဖြူဖြူ၊ အရပ်မြင့်မြင့် စကားပြောဆိုရာမှာ သွက်သွက် လက်လက်ရှိလာတဲ့ နှင်းပွင့်ဆိုတဲ့ ကောင်မလေးနဲ့ စတင်တွေ့ဆုံခဲ့ပါတော့တယ်။ ဒါရိုက်တာဇေရတု ကလည်း ရိုက်ကွင်းအတွက် မင်းသမီးဖြစ်သူက အချိန်မှီရောက်မလာနိုင်တော့တာကြောင့် မင်းသမီးတစ်ယောက် အစားထိုးရန် အမြန်လိုအပ်နေတာကို ပိုင်စိုး သိသွားပြီး ပန်းသည်မလေး နှင်းပွင့်ကို သတိရကာ မင်းသမီးအဖြစ် တင်မြှောက်ပေးရန် တိုင်ပင်ပါတော့တယ်။

play

 

မင်းသမီးတင်မြှောက်ပေးရန် နှင်းပွင့်တို့ အိမ်ကို ဒါရိုက်တာဇေရတုတို့ ဇနီးမောင်နှံနဲ့ ပိုင်စိုးတို့ ရောက်ရှိသွားပြီး နှင်းပွင့်ရဲ့ မိသားစု ဆီမှာ ခွင့်ပြုစကားဆိုခဲ့ပါတယ်။ ပထမ ကတော့ နှင်းပွင့်က လက်မခံပေ နောက်တော့မှ သူတို့ကို ယုံကြည်သွားပြီး ပိုင်စိုးတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရာ ရန်ကုန်ကို အတူတူရောက်လာခဲ့ပါတော့တယ်။ နှင်းပွင့်က ကိုးတန်းပဲ အောင်သေးတာဖြစ်လို့ ၁၀ တန်း ဖြေခိုင်းပြီး မော်ဒယ်လ်သင်တန်းကိုလည်း တက်ခိုင်းခဲ့ပါတယ်။ အဲ့ဒီမှာ ရာဇဘွားကလည်း နှင်းပွင့်ကို မြင်မြင်ချင်း အရူးအမူး စွဲလမ်း သွားပြီး သူ့ကိုမှ မရရင် သေရပါတော့မယ်လို့တောင်  မိဘတွေကို ဖွင့်ပြောရတဲ့ အထိပါပဲ။ နှင်းပွင့်ကလည်း ရာဇဘွားလို မိဘတွေရဲ့ အရှိန်အဝါကြောင့် စောင့်ကြွားကြွားဖြစ်နေတဲ့ ပုံစံကို မနှစ်သက်တာကြောင့် ပြန်မချစ်ခဲ့ပါဘူး။ ရာဇဘွားကလည်း သူ့ရဲ့အချစ်ကို လက်မခံတဲ့နှင်းပွင့်ကို ကားတင်ခိုးပြေးခဲ့ရာ ပြဿနာတွေ အကြီးအကျယ်တက်ခဲ့ကြတော့တာပေါ့။

play

 

တကယ်တော့ ရာဇဘွားတို့ မိသားစုနဲ့ ပိုင်စိုးက အငြိုးအတေးကြီးခဲ့ကြတဲ့အခြေအနေတစ်ခုရှိခဲ့ဖူးပါတယ်။ တစ်ချိန်က ပိုင်စိုးတို့ သားအမိနှစ်ယောက်က ရာဇဘွားတို့အိမ်မှာ အိမ်အကူလုပ်ရင်း ပိုင်စိုးတစ်ယောက် ကျောင်းတက်ခဲ့ရပါတယ်။ လူချမ်းသာတို့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် မြေနိမ့်ရာ လှံစိုက် ဆိုသလို ပိုင်စိုးတို့ သားအမိကို လင်ခိုးမ သားအမိလို့ဆိုပြီး အတင်းနှင်ချခဲ့ပါတယ်။ ဒါကို ပိုင်စိုးတစ်ယောက် ရင်ထဲမှာ အငြိုးအတေး ထားခဲ့သမျှ တစ်နေ့မှာ ကလဲ့စားချေရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာ အောင်မြင်တဲ့ စီးပွားရေးပါရဂူတစ်ယောက်ဖြစ်တဲ့အထိပါပဲ.... ရှေ့ဆက်ပြီးတော့လည်း ပိုင်စိုး၊ ရာဇဘွား၊ နှင်းပွင့်တို့ သုံးယောက်ရဲ့ အကြိတ်အနယ် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသမယ့် ပက်ပက် စက်စက် ညှို့ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

play

 

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ပုံဖော် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး JCGV & Mega ACE ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: ပက်ပက်စက်စက်ညှို့ Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ