ပြေတီဦးဖောင်ဒေးရှင်းအနေနဲ့ လက်ရှိထောက်ပံ့နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ထောက်ပံ့ကြေးတွေကို ဘဏ်မှာအပ်ထားတဲ့ သိန်း ၇၀၀၀ ကျပ်ကနေ ရရှိလာတဲ့ အတိုးနှုန်းတွေနဲ့သာ ထောက်ပံ့ပေးနေတယ်လို့ သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးက Duwun  Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ဖောင်ဒေးရှင်းက ကလေးတွေကို ကျွန်တော်တို့တာဝန်ယူထားတဲ့အတိုင်း ဆက်လက်ပြီးတော့ ထောက်ပံ့ပေးသွားဖို့ပါပဲ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ရှာထားတဲ့ ရန်ပုံငွေနဲ့ လက်ရှိ ရှိနေတဲ့ကျောင်းသားနဲ့ ကွက်တိပဲပေါ့။ ကျွန်တော်တို့ ဖောင်ဒေးရှင်းမှာ သိန်း ၇၀၀၀ နီးပါးရှိပါတယ် အဲ့ဒီငွေပင်ငွေရင်းကိုလုံးဝမသုံးဘူး၊ အကုန်လုံးကို ဘဏ်ထဲမှာထည့်ထားပြီးတော့ အတိုးရတယ် အဲ့ဒီအတိုးနဲ့ပဲ ကလေးတွေကိုထောက်ပံ့တာပါ'' လို့ သူကဆိုပါတယ်။

play

 

ဖောင်ဒေးရှင်းက ကလေးတွေအနေနဲ့ ဆရာဝန်တွေ၊ အရာရှိကြီးတွေ ဖြစ်လာတာမြင်ရလို့ အရမ်းပျော်နေတယ်လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။

'' လောလောဆယ်မှာ ရတဲ့အတိုးနဲ့ ထောက်ပံ့ရမယ့် ကလေးတွေနဲ့က ကွက်တိဖြစ်နေတော့ ရန်ပုံငွေအနေနဲ့က ထပ်လည်းမလိုဘူး၊ အရမ်းကြီး လည်း ပိုမနေဘူးဆိုတော့ လောလောဆယ်မှာ အကုန်လုံးအဆင်ပြေနေပါတယ်။ အရင်တုန်းကတော့ ကလေးတွေက ဆေးကျောင်းဆိုတော့ ကြာတယ်လေ ၇ နှစ်တက်ရတာဖြစ်တဲ့အတွက် တော်တော်နဲ့အသီးအပွင့်က မမြင်ရဘူးပေါ့နော်။ အခုတော့ ဆရာဝန်တွေစဖြစ်လာကြပြီ ဆို တော့ အရမ်းကိုဝမ်းသာတယ်၊ အရမ်းပျော်တယ်၊ သူတို့ဘဝလေးတွေ အခြေတကျဖြစ်သွားကြပြီပေါ့။ တချို့လည်း ပြန်တန်းဝင် အရာရှိတွေ ဖြစ်သွားပြီဆိုတော့ ဘာပဲပြောပြော တည်ငြိမ်သွားပြီပေါ့'' လို့ ပြေတီဦးက ပြောပါတယ်။

play

 

ကျေးဇူးရှင်ပရိသတ်တွေကြားထဲက ပေါက်ဖွားလာတဲ့ ကလေးငယ်တွေကို ပြန်ပြီးကျေးဇူးဆပ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

'' ဒီကလေးတွေ အကုန်လုံးကလည်း ကျွန်တော်တို့ကျေးဇူးရှင်ပရိသတ်တွေကြားထဲက ပေါက်ဖွားလာတဲ့ကလေးတွေပဲ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာကျေးဇူးရှိတဲ့ ပရိသတ်တွေကို ကျွန်တော်တို့အနေနဲ့ပြန်ပြီးကျေးဇူးဆပ်ခွင့်ရတာပဲ။ တက်နိုင်သလောက် လေး တစ်ပိုင်တစ်နိုင်လေး ပြန်ပြီးကျေးဇူးဆပ်ခွင့်ရတာကိုပဲ ဝမ်းသာပါတယ်။ အရမ်းပီတိဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီပြေတီဦးကတော့ ပြင်ဦးလွင်မှာ ရွာဂေါ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပြီး ခရစ္စမတ်နေ့ အမှတ်တရအနေနဲ့ ရိုက်ကွင်းမှာရှိတဲ့ အဖွဲ့သားတွေကို ပထမ(၁ သိန်း)၊ ဒုတိယ(၈သောင်း)၊ တတိယ(၇သောင်း) ဆိုပြီးတော့ ကံစမ်းမဲနှိုက်ပေးခဲ့ပြီး မဲ မပေါက်တဲ့ အဖွဲ့သားတွေကို တစ်ယောက် တစ်သောင်းကျပ် စီပေးခဲ့တယ်လို့ သိရပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video