ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တွေ ပါဝင်ထားတဲ့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီကနေ့ (ဇန်နဝါရီလ ၁၂) ရက်နေ့က စပြီး ရုံတင်ပြသနေပြီလို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကို Duwun Media ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

play

 

'' ကိုကောင်းဇော်နဲ့ ကိုလတ်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြရင်း မြန်မာနိုင်ငံကို ပြန်ရတော့မယ့် ရက်နီးလာတော့ ပျော်ရှာချင်တဲ့ သဘောနဲ့ ပြည့်တန်ဆာမတွေ ရှိတဲ့နေရာကို သွားရောက်ခဲ့ပါတယ်။ ကိုကောင်းဇော်ကတော့ အရှက် အကြောက် ကြီးတဲ့သူဖြစ်တာကြောင့် နန်းနုလို့အမည်ရတဲ့ ပြည့်တန်ဆာကောင်မလေးနဲ့အတူ သူ့အကြောင်း ကိုယ့်အကြောင်းစကားတွေ ပြောဖြစ်ခဲ့တာပေါ့။ နန်းနုရဲ့ ဘဝအခြေအနေကို သိရှိသွားတဲ့ ကိုကောင်းဇော်ကတော့ နန်းနုကို မေတ္တာသက်ဝင်ချစ်ခင်မိပြီး ပြည့်တန်ဆာ ဘဝက လွတ်မြောက်အောင် ကယ်ထုတ်ခဲ့ပါတယ်။

play

 

ကိုလတ်ရယ်၊ ကိုကောင်းဇော်ရယ်၊ နန်းနုရယ် မြန်မာနိုင်ငံကိုပြန်လာခဲ့ကြပြီး ကိုကောင်းဇော်နဲ့ နန်းနုလည်းလက်ထပ်ခဲ့ကြပါတယ်။ နန်းနု ကိုယ်ဝန် ရလာချိန်မှာတော့ ကိုကောင်းဇော်တစ်ယောက် နယ်စပ်ဘက်မှာ အလုပ်လုပ်ရန် ထွက်လာခဲ့ပါတော့တယ်။ ကိုကောင်းဇော် တစ်ယောက် နယ်စပ်ဘက်မှာ မသမာသူလူတစ်စုရဲ့ လိုက်လံလုယက်မှုကို ရင်ဆိုင်တိုက်ခိုက်ရင်း ဓားနဲ့ထိုးလိုက်မှုကြောင့် ထောင် ၅ နှစ်ကျခဲ့ရပါတယ်။

play

 

ကိုကောင်းဇော်တစ်ယောက် ထောင်ကျနေချိန်မှာပဲ နန်းနုတစ်ယောက် သမီးလေးချယ်ရီကို မီးဖွားပြီးနောက် အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး မိဘများနဲ့ ဦးလေးဖြစ်သူကပဲ စောင့်ရှောက်ခဲ့ရပါတယ်။ အဲ့ဒီအချိန် နန်းနုတို့ ကျေးရွာလေးမှာ သူပုန်တွေ ဝင်သောင်းကျန်းကြရင်း နန်းနုနဲ့ အတူ မိဘတွေလည်း ဆုံးပါးခဲ့ကြပါတယ်။ ချယ်ရီ့ကိုတော့ နန်းနုရဲ့ ဦးလေးဖြစ်သူ ကိုအိုက်စံကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ ချယ်ရီအရွယ်ရောက်လာတဲ့ အချိန်မှာတော့ ကိုအိုက်စံတစ်ယောက် အသက်အရွယ်ကြီးရင့်ပြီး အရက်သမားကြီးတစ်ယောက်အဖြစ်ကိုရောက် ခဲ့ပါတယ်။

play

 

ချယ်ရီလေးအရွယ်ရောက်လာတော့ အဘိုးလေးဖြစ်သူ ကိုအိုက်စံက အရက်သမားတစ်ယောက်ဖြစ်ပေမယ့် ကျွေးမွေးစောင့်ရှောက်လာတဲ့ ကျေးဇူးတွေကြောင့် ကောက်စိုက်ရင်း ပြန်လည်စောင့်ရှောက်ပေးခဲ့ပါတယ်။ ချယ်ရီတို့နေထိုင်တဲ့ ကျေးရွာလေးကို ဓာတ်ပုံဆရာ တစ်ဦးအဖြစ် ရောက်ရှိလာတဲ့ အောင်ခက်ဆိုတဲ့ လူငယ်တစ်ဦးနဲ့ ချယ်ရီတို့ တွေ့ဆုံခဲ့ကြပါတယ်။ ချယ်ရီနဲ့ သူ့ရဲ့ သူငယ်ချင်းကောင်မလေးတွေကလည်း ဓာတ်ပုံဆရာကို အထင်ကြီးလေးစားပြီး အနားကပ်ကြတာပေါ့။ အဲ့ဒီနောက် ချယ်ရီနဲ့ ဓာတ်ပုံဆရာ အောင်ခက်လည်း ချစ်သူတွေ ဖြစ်နေကြပြီး ချယ်ရီနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို မြို့ခေါ်သွားခဲ့ပါတယ်'' .... အဲ့ဒီမှာ ချယ်ရီတို့ သူငယ်ချင်းတစ်သိုက်ရယ်၊ ဓာတ်ပုံဆရာအောင်ခက်ရယ် ဘယ်လို နှစ်ပါးသွားကြမလဲ၊ ချယ်ရီတို့ သိထားတဲ့ အောင်ခက်ကရော ဘယ်လို လူမျိုးလည်းဆိုတာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရုံတင်နေပြီဖြစ်တဲ့ သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီးကို အမြန်ဆုံးသွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

play

 

သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ရွှေသမီးရဲ့ ထူးခြားတဲ့ ကာရိုက်တာပုံစံလေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး သရုပ်ဆောင် အိချောပိုရဲ့ ညှို့အားပြင်းပြင်း လေးတွေကို ပရိသတ်တွေ တွေ့ရမှာပါ။ Mandalay Entertainment မှ ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာစတီး(ဒွေးမေတ္တာ) က ရိုက်ကူးဖန်တီး ထား တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။ သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပို နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

photo: သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီး Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video