AD
AD
AD

ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်မှာ အသေအချာပါပဲ။ နာမည်ကျော်သရုပ်ဆောင်များစွာလည်း ပါဝင်ထား ကြသလို အမှတ်တရပုံရိပ်လေးတွေလည်း အများကြီးရှိတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါ တယ်။ ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကို Duwun ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

play

 

'' သာယာပျော်ရွှင်စရာကောင်းတဲ့ ကမာကျော်ရွာလေးတစ်ရွာမှာ သာကျော် ဆိုတဲ့ လူငယ်တစ်ယောက်ရှိပါတယ်။ သူကတော့ သရုပ်ဆောင် အလုပ်ကို  ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး အိုက်တင်ကျင့်မယ်ဆိုတိုင်း တစ်ရွာလုံးကိုသာမက အိမ်က မိခင်ကိုပါ ဒုက္ခပေးတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဘယ်လောက်အထိ ဒုက္ခပေးသလဲဆိုရင် သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကိုယ့်အမေဆီက ပြန်ပြီး ဓားမြတိုက်တဲ့အထိပါပဲ၊ မိခင်ဖြစ်သူ မှာလည်း တကယ် ဓားမြတိုက်တယ် ထင်ပြီး တုန်လှုပ်ခြောက်ခြားခဲ့ပြီးတော့မှ သာကျော်တစ်ယောက် အိုက်တင် ကျင့်နေတာလည်းဆိုရော ဘယ်ပြောကောင်းမလဲ ရွာလူကြီးဆီရောက် ထိပ်တုံးစာမိတော့တာပေါ့။

play

 

သာကျော်တစ်ယောက် မင်းသားရူး ရူးချက်ကတော့ တစ်ရွာလုံးကို ခဏခဏဒုက္ခပေးတတ်လွန်းလို့ သူကြီးထိပ်တုံးကလည်း သူ့အတွက် သီးသန့်ထားနေရသလိုဖြစ်တာပေါ့။ သူကြီးထိပ်တုံးစာ မိတဲ့ သာကျော်ကတော့ ပြဿနာတက်တိုင်း သူကြီးအိမ်ရောက် ထိပ်တုံးစာမိတာကို အပျော်ကြီးပျော်နေရှာတယ်။ ဘာလို့လဲဆိုတော့ သူကြီးသမီးအေးမြနဲ့ သာကျော်က ချစ်သူတွေလေ အဲ့ဒီတော့ ခဏခဏ တွေ့လို့ရတာပေါ့။ သာကျော်ရဲ့ သရုပ်ဆောင်ဝါသနာရူးကြောင့် သူကြီးကလည်း သာကျော့်ကို သူ့သမီး အေးမြနဲ့ သဘောမတူပါဘူး။

play

 

သာကျော်တစ်ယောက် ဘယ်အချိန်မှာ မှ မင်းသားဖြစ်မလဲဆိုတာကို ဗေဒင်သွားမေးလေသတဲ့။ ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကို ရွာထိပ်က ညောင်ပင်အောက်မှာ သွားချေရင်း သူတို့ရွာကို ရိုက်ကွင်းတည်ဖို့ ရောက်နေတဲ့ ဒါရိုက်တာ မင်္ဂလာပါ ဆိုတဲ့ လူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့။ အဲ့ဒီမှာ ဒါရိုက်တာနဲ့ မင်းသားရူးနဲ့ စတွေ့ပြီး သာကျော်တစ်ယောက် ဒါရိုက်တာ မင်္ဂလာပါ ကို ရွာထဲ ခေါ်လာပြီး ကျောင်းတိုင်ဆရာတော်ကြီးနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်....'' ဒါရိုက်တာ မင်္ဂလာပါ တစ်ယောက်တော့ ကမာကျော်ရွာလေးကို ရောက်ရှိလာပြီးနောက် ဘာတွေ ပြောင်းလဲ သွားမလဲ။ ကမာကျော်ရွာလေးကနေ ကမ္ဘာကျော်ရွာ အဖြစ် ပြောင်းလဲသွားမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်လေးတွေကိုလည်း ဖေဖော် ဝါရီလ ၁၉ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။

play

 

ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထားတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံ၊ ဆင်မ၊ အုန်းသီး၊ ဦးပေါ်လေး၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ စိစိ၊ အိုကေ၊ စိုပြေ၊ ဟားတစ်သိုက်အဖွဲ့၊ 5 စတားအဖွဲ့၊ ဆုဝေလွင်၊ သူဇာပွင့်၊ သဲယုဇော်၊ ကိုစံသိန်း၊ အေးချမ်းနဲ့ သရုပ်ဆောင်များစွာတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

photo: ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီး Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD