AD
AD
AD
play

 

လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က ဂျပန်နိုင်ငံကို ရောက်ခဲ့တဲ့ မိုရီဆာကီဝင်းဟာ သူက မြန်မာပြည်ကလာတယ်ဆိုပေမယ့် ဂျပန်လူမျိုးတွေက မြန်မာဆိုတာ ဘယ်နေရာလဲဆိုတဲ့ စကားလုံးကြောင့် အဝင်း စိတ်ထဲမှာ ဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူ တက်ကျွမ်းတဲ့ အနုပညာအလုပ်တွေနဲ့ သူဟာ မြန်မာပြည်ကလာတယ်၊ ဂျပန်နိုင်ငံမှာ ကြီးပြင်းခဲ့တယ်။ မြန်မာပြည်ကို အနုပညာအလုပ်တွေလုပ်ရင်း ကမ္ဘာက သိအောင်လုပ်နိုင်တဲ့အတွက်လည်း သူပျော်တယ်လို့ ဆိုပါတယ်။

'' မြန်မာပြည်ဆိုတာကို ပြောရမယ်ဆိုရင် ကျွန်တော် ဂျပန်ကိုစရောက်တုန်းက လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က ရောက်ခဲ့တယ်။ ကျွန်တော်က မြန်မာပြည်ကလာတယ်ဆိုတော့ ဂျပန်လူမျိုးတွေက မြန်မာဆိုတာ ဘယ်နေရာလဲ ဆိုတဲ့ စကားလုံးကနေစတာ အဲ့ဒါက ကျွန်တော့်စိတ်ထဲမှာ နည်းနည်း ခံစားရတာပေါ့ဗျာ။ မြန်မာပြည်ကို သူတို့မသိဘူးလား ဆိုတာကို သူတို့မသိဘူးလားဆိုပြီးတော့ ဝမ်းနည်းတာပေါ့နော်။ အဲ့ဒါမျိုးတွေ ရှိခဲ့ တာဆိုတော့ ကျွန်တော့်အတွက်က အခုဆိုရင် အစ်ကိုတို့၊ အစ်မတို့ အားပေးကြတဲ့အတွက် ကျွန်တော့်နာမည်ကို လူသိတာများလာပြီ။ ကမ္ဘာမှာထွက်ခွင့်ရဖို့အတွက် စတီဗင်စပီးဘက်(ခ်)ကလည်း ကျွန်တော့်ကို ရွေးခဲ့တဲ့အတွက် ကမ္ဘာကိုထွက်ခွင့်ရခဲ့တယ်။ အဲ့ဒါက ကျွန်တော့်အတွက် Chance ပဲ။ ကျွန်တော်ဟာ မြန်မာပြည်ကလာတယ်၊ ဂျပန်ပြည်မှာ ကြီးပြင်းတယ် မြန်မာပြည်ကို  ဖြန့်ဖို့ဆိုတာက အနုပညာလိုင်း နဲ့ လုပ်နိုင်တာ တစ်ခုဆိုတော့ အဲ့ဒီအတွက် ကျွန်တော်ပျော်တယ်'' လို့ ဖြေဆိုခဲ့ပါတယ်။

play

 

အနုပညာနဲ့ ပတ်သက်တာကိုဘဲနားလည်တယ်ဆိုတဲ့ မိုရီဆာကီဝင်းဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားသွား မြန်မာပြည်ဆိုတာကို ပြသနိုင်ဖို့၊ မြန်မာပြည်တိုးတက်ဖို့အတွက် သူလုပ်နိုင်တာတွေရှိရင် ဆက်လုပ်သွားဦးမယ်ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းရှိတယ်လို့ ဆိုပါတယ်။ ဘယ်အရာတွေ ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိပ်ကိုတော့ မပြောပြတတ်ဘူးလို့ အဝင်းက ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အနုပညာလောကမှာ PrizmaX ဆိုတဲ့ ဂျပန်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ အောင်မြင်လျှက်ရှိတဲ့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို ဘယ်နိုင်ငံကပဲ ကမ်းလှမ်း ကမ်းလှမ်း သူ့အတွက် အခွင့်အရေးရှိမယ့် အရာတွေဆိုရင်တော့ လက်တွဲဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။

'' ဘယ်နိုင်ငံမှာဆိုတာကို အဓိက မထားဘူး။ ကျွန်တော့်ရဲ့ အိပ်မက်လေးကတော့ ကမ္ဘာကို တစ်ပတ် ပတ်ချင်တယ်။ လူက တစ်ဘဝပဲရှိတာဗျာ နောက်ဘဝက နောက်ဘဝ၊ အရင်ဘဝက အရင်ဘဝ ကျွန်တော်ခံစားနေရတာက အခုဘဝပဲရှိတယ်ဆိုတော့ အခုဘဝမှာ ကမ္ဘာကိုပတ်ချင် တယ်လို့ ကျွန်တော်စဉ်းစားနေတယ်။ ဘယ်နိုင်ငံမဆို ကျွန်တော့်အတွက် Chance ရှိလို့ရှိရင် ကမ်းလှမ်းလာခဲ့ရင်သွားဖို့ အဆင်သင့်ပါပဲ'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေရဲ့ အချစ်တော်လေး မိုရီဆာကီဝင်းကတော့ သူ့ရဲ့ အချစ်ရေးကို သိချင်နေကြတဲ့ ပရိသတ်ကောင်မလေးတွေအတွက် ရင်ခုန်စရာ ကောင်းတဲ့ အဖြေလေးပေးလိုက်ပါတယ်။ သူ့တစ်ယောက်တည်းချစ်နေရရင် စိတ်က နာမှာစိုးလို့ လက်ထပ်ချင်လောက်အောင်ကို ချစ်တဲ့ ကောင်မလေးရှိရင် လက်ထပ်စာရွက်ယူခဲ့ ကျွန်တော် ထိုးပေးမယ် ဆိုပြီး ပွင့်ပွင့်လင်းလင်း ဘဲ မီဒီယာတွေကနေတဆင့် ပြောပြလိုက်ပါတယ်။

'' ဘယ်လို ပုံစံကောင်မလေးရယ်မှ မဟုတ်ဘူး ကျွန်တော့်ကို ကြိုက်တဲ့ ကောင်မလေးကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော်တစ်ယောက်တည်း က ချစ်နေရရင် ကျွန်တော့်စိတ်က နာတာပဲရှိတယ်။ ကျွန်တော့်ကို ကြိုက်တဲ့ ကောင်မလေးရှိရင် ကျွန်တော်က အားလုံးကို Welcome ပါခင်ဗျ။ ကျွန်တော့်ကို ကြိုက်တယ်ဆိုတာက Like လား Love လား။ Love ဆိုရင်တော့ လက်ထပ်စာရွက်ရှိတယ်မဟုတ်လား အဲ့ဒီစာရွက်ယူခဲ့ ကျွန်တော်ထိုးပေးမယ်။ အဲ့ဒီလောက်အထိ ကျွန်တော့်ကို ကြိုက်တယ်ဆိုရင် ပြန်ကြိုက်မယ်'' ဆိုပြီးတော့ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ Fuji Film မိတ်ဆက်ပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

play

 

မိုရီဆာကီဝင်းဟာ ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။  အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

Postby

 

Photo: မိုရီဆာကီဝင်း Fan Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD