AD
AD
AD
play

 

သရုပ်ဆောင်နန်းသူဇာကတော့ ပထမဆုံး အကြိမ်အဖြစ် မေလ ၂ ရက်နေ့က မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ရိပ်သာမှာ သူငယ်ချင်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းနဲ့ အတူ သီလရှင် ၃ ရက် ဝတ်မယ်လို့ သိရပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ ခင်ပွန်းဖြစ်တဲ့ ကိုတာတာမျိုးကလည်း သာသနာ့ဘောင်ထဲ ဝင်ခဲ့ပါသေးတယ်။

'' ဒီနေ့က နန်းမြတ်ရဲ့ မွေးနေ့လည်းဖြစ်တယ်။ အလှူလေးလည်းရှိတယ်ဆိုတော့ မွေးနေ့မှာ အလှူလုပ်ရင်းနဲ့ သီလရှင်ဝတ်မယ်ဆိုတော့ နန်းသူဇာလည်း တစ်ခါမှ မဝတ်ဖူးဘူး၊ အဖော်လည်းမရှိတော့ မဝတ်ဖြစ်ခဲ့ဘူး ဒီအသက်အရွယ်အထိပေါ့နော်။ အဲ့ဒီတော့ အရမ်း ဝတ်ချင်နေတယ်။ အခုတော့ နန်းမြတ်နဲ့ အဖော်ရှိတုန်း တစ်ခါတည်း ဝတ်လိုက်တာပါ'' လို့ ဆိုပါတယ်။

play

 

ပထမဆုံးအကြိမ် သီလရှင်ဝတ်တဲ့ အချိန်မှာ ကတုံးတုံးလိုက်ရင် ကိုယ့်ခေါင်းကြီး ဘယ်လို ဖြစ်နေမလဲ ဆိုတာမသိဘူး။ ဒါပေမယ့် ပျော်တယ်၊ ကြည်နူးတယ် လို့ ဆိုပါတယ်။

'' ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ တစ်ခါမှလည်း ကတုံးလည်းမတုံးဖူးဘူး။ ကတုံးတုံးရင် ကိုယ့်ခေါင်းကြီး ဘယ်လို ဖြစ်မလဲ မသိဘူး ပေါ့နော်။ ပျော်လည်းပျော်တယ်၊ ကြည်လည်း ကြည်နူးမိပါတယ်။ နန်းမြတ်နဲ့ သူငယ်ချင်းနှစ်ယောက် အတူတူ သီလရှင်ဝတ်လိုက်မယ် ဆိုတော့ ဒါကလည်း အမှတ်တရလေးဖြစ်သွားတာပေါ့နော်''  ဇွန်လ ၂ ရက်နေ့ မနက်ပိုင်း က အောင်ဇမ္ဗူတောရ ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့ အလှူက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းနဲ့အတူ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

'' အရင်ကလည်း နန်းမြတ်နဲ့ အခွေလည်းထွက်ခဲ့တယ်၊ ခရီးတွေလည်း အတူတူသွားခဲ့တယ်။ အမှတ်တရပေါင်း များစွာရှိတဲ့အထဲမှာ မှ အခု ကောင်းမှုကုသိုလ် အတူတူလုပ်ကြတယ်ဆိုတော့ အရမ်းကို ကြည်နူးမိပါတယ်။ သီလရှင်  ၃ရက်ဝတ်ပြီးသွားရင်တော့ နန်းမြတ်နဲ့ အတူတူ လုပ်သွားမယ့် အနုပညာအလုပ်တွေရှိပါတယ်။ ဆံပင်အတုတော့ အရင်ရှာရမှာပေါ့''လို့ နန်းသူဇာက ပြောပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့အတူတွဲပြီး Friend ဆိုတဲ့ တေးစီးရီးလေးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အခုလို အတူတူ သီလရှင် မဝတ်ခင် ရက်ပိုင်းလေးမှာလည်း  သူတို့ရဲ့ ဆံပင်တွေကို ညှပ်ခဲ့ကြပါသေးတယ်။ နန်းမြတ်ဖြိုးသင်းက မေလ(၂၇) ရက်နေ့က ဆံပင်အတို ညှပ်လိုက်တာ ဖြစ်ပြီး နန်းသူဇာက မေလ(၂၉)ရက်နေ့က ဆံပင်တစ်ချမ်းကို ရှိတ်ထိုးခဲ့တာပါ။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD