AD
AD
AD
play

 

ပေါက်တဲ့အိုး ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေ ပရိသတ်ရင်ထဲရောက်လာတဲ့ အဆိုတော်မလေး အေသင်ချိုဆွေက ပရိသတ်တွေ နဲ့ ခဏတာ အဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်။ အခုတော့  ဇွန်လထဲမှာ ပရိသတ်တွေဆီကို သူပြန်လာပြီဆိုပြီးတော့ မိတ်ဆက်တဲ့ အနေနဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို အွန်လိုင်းကနေဖြန့်သွားမယ်ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ၆ လပိုင်းထဲမှာ Single Song အနေနဲ့ အွန်လိုင်းကနေ ဖြန့်မယ့် သီချင်းတစ်ပုဒ်ပေါ့နော် Comeback အနေနဲ့ ထွက်ဖို့ Recoding တွေလုပ်တယ်။ အဲ့ဒါပြီးပြီဆိုရင်တော့ MTV ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သီချင်းက ၂ ပုဒ်ပါ။ တစ်ပုဒ်က ကိုမိုးထက်ရေးပေးထားတာ၊ နောက် တစ်ပုဒ် က ကိုဝေကြီး ရေးပေးထားတာ သီချင်းနှစ်ပုဒ်က ပုံစံလေးတွေမတူကြဘူး၊ တစ်ပုဒ်ကကျတော့ Pop အသည်းကွဲ သီချင်း တစ်ပုဒ်၊ နောက်တစ်ပုဒ်ကကျတော့ R&B ဘက်သွားတာဆိုတော့ ဘယ်အပုဒ်တင်ပေးရမှန်းမသိဘူး။ နှစ်ပုဒ်စလုံးက ကောင်းတယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေကို မိတ်ဆက်ပေးတော့မယ့် သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။

'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။

play

 

ဂီတလောကနဲ့အတူ ပရိသတ်တွေနဲ့ပါ အဆက်ပြတ်နေခဲ့တဲ့ အေသင်ချိုဆွေဟာ အနုပညာအလုပ်တွေကို ပြန်လုပ်တော့မယ့်အချိန်မှာ အသစ်တစ်ယောက်လို ပြင်ဆင်တာထက် ယုံကြည်ချက်ရှိဖို့ အရင်ဆုံးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

'' အသစ်တစ်ယောက်လို ပြင်ဆင်တာထက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ တစ်ခုကိုပဲ အရင်ဆုံးပြင်ဆင်နေတယ်။ အစကတည်းကလည်း ကိုယ့်ကိုယ်ကို စိတ်ထဲမှာ ဇဝေဇဝါနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခဲ့တယ်။ အခုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးတော့ ကိုယ်လုပ်ချင်တဲ့ အရာအားလုံးကို ရဲရဲဝင့်ဝင့်နဲ့ လုပ်ပြနိုင်ဖို့ အားမွေးထားပါတယ်။ အခု သီချင်းဆိုမယ်ဆိုတော့လည်း ကိုယ့်ကို အောက်ကနေ ဘာများပြောကြ မလဲဆိုတဲ့ စိုးရိမ်စိတ်လေးတော့ရှိတယ်'' လို့ သူကဆိုပါတယ်။

play

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD