AD
AD
AD
play

 

သရုပ်ဆောင် သူထူးစံက မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တုန်းက ကျားအစစ်နဲ့ ရိုက်ကူးခဲ့ရသလို ကျားကြီး လွတ်သွားတဲ့အတွက် သည်းထိပ်ရင်ဖိုဖြစ်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ဒီဇာတ်ကားက ကျွန်တော့်ကို ဦးမျိုးမင်းပေးတဲ့ အချိန်ကတည်းက ဇာတ်လမ်းလေးလည်း ကောင်းတယ်လေ။ ကျွန်တော့်နေရာတစ်ခုတည်း ကောင်းတာလည်း မဟုတ်ဘူး၊ အကုန်လုံးကောင်းတာ ဒါပေမယ့် ကျွန်တော်တို့ ရိုက်တဲ့ အချိန်မှာ အခက်အခဲတွေရှိတယ်ဆိုတာက တကယ့် တိရစ္ဆာန်တွေနဲ့ ရိုက်ရတာကြောင့်ပါ'' လို့ဆိုပါတယ်။

play

 

ရိုက်ကွင်းပေါ်မှာ တကယ့်ကျားအစစ်နဲ့ရင်ဆိုင်ခဲ့ရပေမယ့် အဓိဋ္ဌာန်ဝင်ထားတဲ့ အကျိုးတွေကြောင့် ဘာအခက်အခဲမှာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

'' ကျွန်တော့်အတွက်ကတော့ သိပ်အခက်အခဲမရှိပါဘူး။ ဒါပေမယ့် ကျားလွတ်သွားတဲ့ အချိန်မှာ ကျွန်တော် တော်တော်ကျွတ်သွားတယ်။ ကျားက တောဝက်ကို ပြေးဆွဲတဲ့အချိန်မှာ ကျွန်တော်က ကျားနဲ့ ဒဲ့ ပေါ့နော်။ ကျွန်တော့်ကို ကျော်ပြီးတော့ နေခြည် ငယ်ဘဝကိုသရုပ်ဆောင် တဲ့ ကလေးလေးကို ဖက်လိုက်တာ ကျွန်တော်က အဓိဋ္ဌာန်ဝင်ထားတာဆိုတော့ ပြဿနာသိပ်မရှိပါဘူး''ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Lucky Stars ဘောလုံးကွင်းဖွင့်ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးကို ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ရန်အောင်၊ သူထူးစံ၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော် နဲ့ ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

အနုပညာအလုပ်တွေကို ၁၈ နှစ်ကြာ ဆောင်ရွက်လာတဲ့ သူထူးစံဟာ အောင်မြင်မှုနဲ့ပတ်သက်ပြီး သူကြိုးစားသလောက် ပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ရောက်တဲ့နေရာတိုင်းမှာ အားပေးကြတဲ့ ပရိသတ်တွေကတော့ ရှိနေတုန်းပဲလို့ သူကဆိုပါတယ်။

'' ကျွန်တော်အခု ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ၈ လပိုင်းလောက် ရိုက်ဖြစ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော် ဘယ်သွားသွား လာအားပေးကြတဲ့ ပရိသတ်တွေရှိပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် လုပ်သလောက် ပြန်ပြီးတော့ မရခဲ့ပါဘူး။ ကျွန်တော် အရမ်း ကြိုးစားရတယ်၊ ကျေနပ်သလားဆိုတော့လည်း မကျေနပ်ဘူးပြောလည်းရတယ်၊ ကျေနပ်တယ်လို့လည်း ပြောလို့ရပါတယ်။ လက်ရှိဘဝကိုပဲ အဆင်ပြေအောင် လုပ်ပါတယ်'' လို့ ဆိုပါတယ်။

play

အနုပညာအလုပ်တွေနဲ့ ခဏအကြာအလှမ်းဝေးနေခဲ့တဲ့ သရုပ်ဆောင်သူထူးစံကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏအကြာဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမယ့်လည်း လာရောက်ကမ်းလှမ်းသူမရှိခဲ့ဘူး လို့ဆိုပါတယ်။ သူဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD