AD
AD
AD
play
Photo: Phyo Pyae Sone Facebook

 

အဆိုတော် ဖြိုးပြည့်စုံကတော့ အမေဖြစ်သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အခုထိ လွမ်းနေတုန်းပါဘဲတဲ့။ အမေအိပ်ခဲ့တဲ့ ခေါင်းအုံး၊ အမေအိပ်ခဲ့တဲ့ ကုတင်၊ အမေ့ဘီဒိုတွေက အစပေါ့ အမေ့အငွေ့အနံ့အသက်ရှိတဲ့ နေရာတွေသွားရင်လည်း ငိုလည်းငိုချင်သလို  စိတ်လည်း စိတ်ဆင်းရဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အမေကို အရမ်းတွယ်ကပ်သူမို့ပါ ဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အရင်တုန်းကဆိုရင် အမေအိပ်ခဲ့တဲ့ ခေါင်းအုံး၊ အမေအိပ်ခဲ့တဲ့ ကုတင်၊ အမေ့ဘီဒိုတွေက အစပေါ့ အမေ့အငွေ့အနံ့အသက်ရှိတဲ့ နေရာတွေ အစ်ကိုသွားလို့မရဘူး။ သွားတာနဲ့ ငိုချင်တာပေါ့နော် စိတ်ဆင်းရဲတာပေါ့ မရှိတော့ဘူးဆိုတော့လေ။ အမေနဲ့ကလည်း  အစ်ကို့ကို  ၆ တန်း၊ ၇ တန်းလောက်ရောက်တဲ့အထိ လက်သည်းဆိုလည်း လက်သည်းညှပ်ပေးတာ၊ ဆံပင်ဖီးပေးတာ၊ ထမင်းခွံကျွေးတာအစ လုပ်ပေးခဲ့တာ ဆိုတော့ အမေပေါ်မှာ အရမ်းတွယ်တာမှီခိုတာပေါ့'' လို့ဆိုပါတယ်။

play
Photo: Phyo Pyae Sone Facebook

 

အဆိုတော် ဖြိုးပြည့်စုံရဲ့ မိခင်ဟာ ၂၀၁၀ ခုနှစ်မေလ ၃၁ ရက်နေ့ကတည်းက ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အမေကို မှီခိုတွယ်တာခဲ့တဲ့ သူ့အနေနဲ့ ကိုယ့်အားကိုယ်ကိုးရတော့မယ်ဆိုတဲ့  အချိန်မှာ အမေ့ရဲ့ ပြုစု ကြင်နာခဲ့တာတွေကို ပြန်လွမ်းရင်း နောင်တ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဒီအချိန်ထိ မိခင်ကို လွမ်းတဲ့ စိတ်က ကိုယ့်အတွက် ခွန်အားအဖြစ်နဲ့ ကြိုးစားမယ်လို့ဆိုပါတယ်။ ကွယ်လွန်သွားတဲ့ မိခင်အတွက် သားကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားမယ် ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့က သာကေတမြို့နယ် ဘောလုံးအဖွဲ့ ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ် ရန်ပုံငွေပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေခဲ့တာပါ။

''ကွယ်လွန်သွားခဲ့တာ ၈ နှစ်ဆိုတော့ အစ်ကိုအတွက်နည်းနည်းတော့ တည်ငြိမ်သွားပြီ။ ထားခဲ့တဲ့ အမေ့အပေါ်မှာ တာဝန်ကျေတဲ့ သား တစ်ယောက်ဖြစ်အောင်၊ မရှိတော့ပေမယ့်လည်း ဂုဏ်ယူရအောင် ဘာတွေလုပ်ရမလဲဆိုတာလေးတွေကို တည်ငြိမ်စွာ တွေးတတ်နေပါပြီ။ အမေက အစ်ကို့ရဲ့ စိတ်ကိုအရမ်းသိပါတယ်။ အမေနဲ့ အစ်ကိုနဲ့ မတွေ့ရင်တောင်မှ အစ်ကို့စိတ်ထဲမှာ ဖီလင်တစ်ခုခုရှိနေပြီဆိုရင် အမေက လှမ်းပြီးတော့ နင်ဘာဖြစ်နေပြီလဲ ဆိုပြီး အစ်ကို အရမ်းအံ့သြသွားရလောက်အောင် အမေ သိပါလား ဆိုတဲ့ အတွေး ဝင်မိတယ်။ အမေနဲ့ အစ်ကို တူတာ ဆိုလို့ ပါးချိုင့်လေး ပါတာရယ်၊ မှဲ့လေးပါတာရယ်က တူတယ်''လို့ ဆိုပါတယ်။

play
Photo: Phyo Pyae Sone Facebook

 

အမေက အရမ်းအလိုလိုက်ပြီး ခဏခဏလည်း ဆူတယ်၊ ဒါကြောင့်လည်း အမေနဲ့ တကျက်ကျက်ဆိုပေမယ့် ဖြိုးပြည့်စုံကတော့ အမေ့ကို  ပိုချစ်တယ်လို့ ဆိုပါတယ်။

'' အမေက အလိုလည်းလိုက်တယ်၊ ခဏခဏလည်းဆူတယ်၊ အဖေနဲ့ အမေဆိုရင် အဖေက အဝေးမှာနေတဲ့သူလေ အဖေနဲ့က ခဏတဖြုတ်တွေ့ရတဲ့အချိန်မှာ အမေ့ကိုပြောတယ်တဲ့ ငါ အမုန်းမခံဘူးပေါ့နော်၊ တစ်ခုခုဆို အမေပဲ ဆူပေါ့။ အဖေကတော့ အဝေးမှာ ဆိုတော့ ခဏလေးတွေ့ရတဲ့ အချိန်မှာ မုန်းသွားလို့မဖြစ်ဘူးပေါ့ ဆိုတော့ အမေက ခဏခဏဆူတယ်။ အမေနဲ့ကတော့ တကျက်ကျက်ပဲ။ ဒါပေမယ့် ချစ်လားဆိုတော့လည်း ပိုချစ်တယ်။ ပိုဆူတဲ့လူကို ပိုချစ်တယ်'' လို့ သူကဆိုပါတယ်။

play
Photo: Phyo Pyae Sone Facebook

 

 

အဆိုတော်ဖြိုးပြည့်စုံရဲ့ မိခင်ကတော့ မေလ ၃၁ ရက်နေ့ကပဲ ကွယ်လွန်ခဲ့တာ ၈ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အဲ့ဒီနေ့ကလည်း မိခင်အတွက် ရည်စူးပြီး အလှူအတန်းတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲ ကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD