AD
AD
AD
play

 

အဆိုတော် ဘီလီလမင်းအေးဟာ Myanmar Idol Season 2 သီချင်းဆို ပြိုင်ပွဲကြီးမှာကတည်းက အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပါတယ်။ အခုချိန်ထိလည်း ဝေဖန်တိုက်ခိုက်မှုတွေ ရှိနေသေးပေမယ့် ဒီဝေဖန်တိုက်ခိုက်မှုတွေကြားမှာ နေသားကျနေပြီ ဆိုပြီးတော့ Duwun Media ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ဝေဖန်တိုက်ခိုက်တာတွေကတော့ အများကြီးပါပဲ။ ဖူးတို့ဆို ပိုတောင်ဆိုးသေးတယ် ထိုင်ရင်လည်း ထိုင်ပြန်ပြီ ထရင်လည်း ထပြန်ပြီ ဆိုပြီးတော့ ပြောကြတယ်။ အခုချိန်မှာတော့ ဖူး နေသားကျနေပါပြီ။ Myanmat Idol တုန်းကလည်း အပြောအဆိုခံခဲ့ရတာ ဖူးအများဆုံး ပဲပေါ့နော်။ အဲ့ဒီလောက် အများကြီးမပြောတော့ရင်တောင်မှ အခုချိန်ထိ ရှိတော့ ရှိနေကြသေးတာပဲလေ။  ဒါပေမယ့် အခုချိန်တော့ ဝေဖန် တိုက်ခိုက်မှု တွေကြားမှာ ဖူးနေသားကြနေပါပြီ'' ဇွန်လ(၈)ရက်နေ့ သာကေတမြို့နယ် ဘောလုံးအဖွဲ့ ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ် ရန်ပုံငွေပွဲမှာ  ပြောခဲ့ပါတယ်။

play

 

ဘီလီလမင်းအေးဟာ ဆရာမတစ်ယောက်အဖြစ်ကနေ နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ဂီတလောကထဲကို Myanmar Idol Season 2 ကနေ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး ယှဉ်ပြိုင်နေတုန်းမှာပဲ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ စတင်ကြုံတွေ့လာချိန်မှာတော့ ဘာအလုပ် မှ မလုပ်ချင်တော့အောင် စိတ်ထိခိုက်ခံစားခဲ့ရတယ်လို့ သူကဆိုပါတယ်။

'' စိတ်ထိခိုက်တယ် ဆိုတာထက် ကိုယ်က ဆရာမတစ်ယောက်ကနေ ဂီတဘက်ကို ရောက်လာတဲ့အတွက် အရင်တုန်းက အရမ်းခံစားလွယ်တဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောလိုက်တာကို အရမ်းကြီးခံစားနေရင် ကိုယ်သီချင်းဆိုတဲ့ အလုပ်ကို  သွားပြီးတော့ ထိခိုက်စေတယ်။ အရင်တုန်းကဆိုရင် ဘီလီက အရမ်းမျက်နှာမာလိုက်တာလို့ပြောလိုက်ရင်တောင် တကယ်ဖြစ်နေပြီလား မသိဘူး ဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးပြီး စိတ်မကောင်းတွေဖြစ်နေရင်း ဘာမှ မလုပ်နိုင်တော့ဘူး။ ဘာမှ မလုပ်နိုင်လို့ကတော့ အဆင်မပြေဘူး ဒါကလည်း ပရိသတ်တွေက သင်ပေးလိုက်တာပါ ပရိသတ်ကြီးက ဒါလုပ်ရင် ဒါမကြိုက်ဘူးဆိုရင် ကိုယ်ပြင်ပေးလိုက်တယ်။ ပြီးရင် မိသားစုနဲ့ ပျော်ပျော်နေတယ်၊ သီချင်း တွေ နားထောင်တယ်။ အတတ်နိုင်ဆုံးတော့ ပရိသတ်တွေရဲ့ စကားလုံးတွေထဲမှာ ဖူးကို ပြုပြင်စေချင်တာရှိရင် ပြုပြင်ပေးလိုက်တယ်'' ဆိုပါတယ်။

play

 

အခုလက်ရှိမှာလည်း ပရိသတ်တွေနဲ့ ဘီလီတို့ရဲ့ ဆက်ဆံရေးကတော့ မောင်နှမတွေလိုပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ သမီးအကြီး ဆုံး ဖြစ်တာကြောင့် အစ်ကိုတွေ၊ အစ်မတွေ အရမ်းလိုချင်တဲ့ သူ့အနေနဲ့ Fan တွေထဲကနေ အစ်ကို၊ အစ်မတွေရခဲ့တယ်လို့ သူကဆိုပါတယ်။

'' ပရိသတ်အားလုံးကိုလည်း ဖူးက မောင်နှမလိုဆက်ဆံတယ်။ အကုန်လုံးကလည်း ဖူးအတွက် မောင်နှမတွေလိုပဲ ဘာကြောင့်လဲဆိုတော့ ဖူးမှာ ညီမလေးတစ်ယောက်ပဲ ရှိတာ။ ဖူးက မောင်နှမတွေအများကြီးလိုချင်တယ်။ အစ်ကိုတွေ၊ အစ်မတွေလည်း လိုချင်တယ် အရင်တုန်း ကဆိုရင် ဖူးမိဘတွေကိုပြောတယ်။ ဘာဖြစ်လို့ အကြီးဆုံးသမီးအဖြစ် မွေးပေးရတာလဲပေါ့။ အစ်ကိုကြီး၊ အစ်မကြီး လိုချင်တယ် ညီမလေးတွေ ဆိုရင်တော့ ကိုယ့်ကို နိုင်စားမှာပဲပေါ့ ဆိုပြီးတော့ ပြောဖူးတယ်။ ဒါပေမယ့် ညီမလေးကလည်း လိမ္မာပါတယ်။ အခုနောက်ပိုင်းမှာတော့ Fan တွေထဲကနေ အစ်ကို၊ အစ်မတွေရတယ်။ ဖူးကို ကောင်းတာ ဆိုးတာ ဝေဖန်ပေးကြတဲ့အတွက် ဖူးပျော်တယ်'' ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

play

 

ဘီလီလမင်းအေးရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ်ဆိုတဲ့ Audio CD ကို မတ်လ ၃ ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာကတည်းက အားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ ဘီလီလမင်းအေးဟာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့ အဆိုတော် တစ်ဦးဖြစ်နေပါပြီ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD