AD
AD
AD
play

 

သရုပ်ဆောင်တိုင်ရွန်ကတော့ ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ ဟာသတွေကို ငယ်ငယ်ကတည်းကနေ အားပေးခဲ့ရတဲ့ ပရိသတ်တစ်ဦးပါလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာ သူအားပေးရတဲ့ သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေအတွက် စိတ်မကောင်းဖြစ်ခဲ့ရတာကြောင့် သူ့ရဲ့ အနုပညာကြေးနဲ့ အပြင် ပရိသတ်တွေဆီကနေ ရရှိလာတဲ့ အလှူငွေတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းဖြစ်ခဲ့တာတွေကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

''မကစ်ရဲ့ အခြေအနေကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော့်တစ်ယောက်တည်း လှူဖို့အတွက်ကျတော့လည်း ငွေရေး ကြေးရေး က အခက်အခဲအများကြီး ရှိပါတယ်။ ဒါလေးကို လှူမယ်ဆိုပြီးတော့ Status လေးတင်လိုက်ပြီး လှူဒါန်းချင်တဲ့သူတွေအတွက် တစ်ရက် အလှူခံလိုက်တယ်၊ အလှူခံငွေတွေကိုလည်း အိမ်တိုင်ရာရောက် ကျွန်တော်လိုက်ကောက်ပေးတယ်၊ ပြီးတော့ ဆေးရုံမှာရှိတဲ့ မကစ်ဆီ သွား ပြီးတော့ အလှူငွေတွေအားလုံးကို သူ့ရဲ့ သမီးလေးလက်ထဲကို ထည့်ခဲ့လိုက်တယ်။ ဘဏ်အကောင့်လည်း ဖွင့်ပေးခဲ့လိုက်ပါတယ်'' လို့ ဆိုပါတယ်။

play

 

တိုင်ရွန်ဟာ ပရိသတ်တွေဆီက အလှူငွေကောက်ပြီး ကိုယ်တိုင်လှူဒါန်းဖြစ်တာကတော့ ဒါက ပထမဆုံးပါလို့ သိရပါတယ်။ သူ့အနေနဲ့ ဟာသ သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေး အမြန်ဆုံးကောင်းဖို့အတွက်လည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။

''ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို လှူဒါန်းလိုက်ရတဲ့အတွက်လည်း ကျွန်တော့်ရဲ့ ဆန္ဒလေးတွေ ပြည့်ခဲ့ပါတယ်။ ကျွန်တော်သွားပြီး လှူဒါန်းနိုင်ခဲ့လို့ပျော်တယ်။ နောက်တစ်ခုက ကျွန်တော်ဝမ်းနည်းတယ်။ သူနောက်ထပ် ထက်ပြီးတော့ ကျွန်တော်တို့ ပရိသတ်တွေ အရှေ့ကို ရောက်လာဖို့အတွက် မလွယ်တော့ဘူးဆိုတော့ ဝမ်းနည်းတာက ပိုပြီးတော့ များပါတယ်။ ကျန်းမာရေး အမြန်ဆုံးကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

တိုင်ရွန်ဟာ ကစ်ကစ်ကို ကိုယ်တိုင်ဆေးရုံတင်ပေးခဲ့ပြီး ကိုယ်တိုင် ခွဲစိတ်ခန်းထဲဝင်ကာ သေသေချာချာလေး စောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။ သူ့အပြင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ငွေကြေးလာရောက် လှူဒါန်းကြတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။

'' သူ့ကို လာရောက်လှူဒါန်းကြတဲ့ အနုပညာရှင်တွေလည်း ရှိတာတွေ့ရတယ်။ ဘာပဲပြောပြော တကယ်ကို ဝမ်းသာရပါတယ်။ လူမမာ တစ်ယောက်က လက်ထဲမှာ ငွေရှိနေရင် ရောဂါက ၅၀ လောက်သက်သာတယ်လေ။ စိတ်မပူရတော့ဘူးပေါ့နော် လက်ထဲမှာ ငွေရှိတဲ့ အတွက်ကြောင့် ခွဲစိတ်ခန်းထဲလည်းဝင်တယ် ကျွန်တော်တို့ စောင့်ပေးတယ်။ စိတ်ချရပြီဆိုတော့မှ ဆေးရုံကြီးရဲ့ အဆောင် ၂ မှာထား ထားပါတယ်'' လို့ သူကပြောပါတယ်။

play

 

တိုင်ရွန်က ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ထူးခြားတဲ့ ရယ်သံကို အရမ်းသဘောကျတယ်လို့ ဆိုပါတယ်။ ကစ်ကစ်ရဲ့ အသံဟာ ကြားရတဲ့ ပရိသတ်အတွက်တော့ အိုက်တင်လုပ်စရာ မလိုပဲ အသံကြားတာနဲ့တင်ရယ်ချင်လာတယ် ဆိုတဲ့ အမှတ်တရတွေ ပြောပြခဲ့ပါတယ်။ အဲ့ဒါအပြင် ကစ်ကစ်ဟာ တကယ်ကိုတော်တဲ့ ဟာသသရုပ်ဆောင် တစ်ဦးပါ ဆိုပြီးတော့လည်း Duwun Media ကနေတဆင့် ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ 

 

စားဖို့အတွက်မရှိရင်နေပါစေ လှူဒါန်းဖို့အတွက်ကိုအဓိက ထားတော့မယ်ဆိုတဲ့ သရုပ်ဆောင် တိုင်ရွန်ရဲ့ ပရဟိတ စိတ်ဓာတ်လေးကိုလည်း Duwun ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

'' ကျွန်တော်လှူချင်တဲ့ နေရာလေးတွေရှိတယ်။ ပရဟိတဆိုတာ ကျွန်တော့်အဖေပြောသလိုပဲ စွဲလမ်းတယ်ပေါ့။ စွဲလမ်းတယ်ဆိုတာကလည်း ကိုယ့်မှာ စားစရာမရှိရင်နေပါစေ လှူဖို့အတွက်ကိုပဲ ပိုပြီးတော့ အဓိက စိတ်ထားတယ်ပေါ့။ ကျွန်တော်လည်း အခု အဲ့ဒီစိတ်ကဝင်နေတော့ ကျွန်တော် လှူချင်တာလေးတွေရှိတယ်။ မကြာခင်မှာလည်း လှူဒါန်းသွားမယ်၊ ဒါတွေကိုလည်း ကျွန်တော် တင်ဖြစ်ချင်မှတင်ဖြစ်မယ် အဓိက က လှူရဖို့ ရည်ရွယ်ချက်လေးရှိတယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

တိုင်ရွန်ဟာ ဆီးချိုရောဂါကြောင့် မျက်စိကွယ်တော့မလိုဖြစ်နေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ဇွန်လ ၇ ရက်နေ့ကစပြီး နေအိမ်မှာ ငွေကြေးသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီးကိုပါ တစ်ခါတည်းပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဖိုးဝါးခ တွေကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက်အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD