သရုပ်ဆောင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။
 

အဆိုတော် ရွှေထူးဟာ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ အရင်တုန်းကဆိုရင် သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ လူကြားထဲမှာ MTV ရိုက်ကူးခဲ့တုန်းက ရွှေထူးလား မဲတယ်နော် ဆိုပြီးတော့ အပြောခံခဲ့ရသေးတယ်တဲ့။ အမှတ်တရ အနေနဲ့ကတော့ အသားမဲတာနဲ့ ပတ်သက်ပြီး နောက်ထပ်အပြောဆိုခံခဲ့ရတာလေးတွေကို ပျော်စရာတစ်ခုအဖြစ် ရွှေထူးက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကျွန်တော့် ဝါသနာအရပါပဲ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ပိုးပါသလိုပေါ့။ အရင်ကဆိုရင် သရုပ်ဆောင်ရတာ အရမ်းကြောက်တယ်။ MTV တွေရိုက်ရင် လူကြား၊ သူကြားထဲမှာ သွားရိုက်ရမယ်ဆို နည်းနည်းလေးပေါ့၊ လူကြားထဲမှာ ငါ့ကို ဝိုင်းကြည့်တယ်ပေါ့။ နာမည်လေး သိပ်မရခင် တုန်းကဆိုရင် တစ်နေရာမှာ သွားရိုက်လိုက်တယ်။ အဲ့ဒီပတ်ဝန်းကျင်က အဒေါ်ကြီးတွေလည်းရှိမယ်၊ အဘွားကြီးတွေလည်းရှိမယ်၊ ကလေး ပုစိ ညောင့်တောင့်လောက်လေးတွေလည်း ရှိမယ် အဲ့မှာ သူတို့ ထွက်လာပြီး ဟ ဘာကောင်လဲ မဲမဲ နဲ့ ဆိုပြီးပြောတာတွေ ကျွန်တော် ခဏခဏ ကြုံရတယ်။ ဘယ်ကောင်လဲ မင်းသားက ဟိုကောင် မဲမဲ နဲ့ကောင်လားပေါ့၊ နင်တို့ မင်းသားကလည်း ဆိုပြီးတော့ ကျွန်တော် ခဏခဏကြုံရ တယ်။ နောက်ပိုင်းတော့ သိပ်မကြုံရတော့ပါဘူး ရွှေထူးလား မဲတယ်နော် ဆိုတာပဲ ကြုံရပြီ။ မဲတာတော့ သူတို့ သိသေးတယ်'' ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းက ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ ရွှေထူးက သူကိုယ်တိုင်တော့ မင်းသားမဖြစ်သေးပါဘူးတဲ့။ ကိုယ့်ကိုယ်ကိုလည်း မင်းသား တစ်ယောက်လို့ မသတ်မှတ်သေးဘူး ဆိုပြီးတော့ ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော် မင်းသားရုပ်မဖြစ်သေးဘူး မဟုတ်လား၊ ကျွန်တော်ကိုယ်တိုင်လည်း မင်းသားတော့မဖြစ်သေးပါဘူးဗျာ၊ ကိုယ့်ကိုယ်ကိုလည်း မင်းသားလို့ မသတ်မှတ်သေးပါဘူး။ တော်တော်များများက ပြောလိုက်ရင်လည်း ဒီကောင်လား မင်းသားရုပ်၊ ဒီရုပ်နဲ့ မင်းသားဖြစ်တယ် ဟုတ်လားဆိုပြီး ပြောတာတွေက များတော့ ကိုယ့်ကိုယ်ကိုလည်း မင်းသားရုပ်လို့တော့ မခံယူထားပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ကလည်း တော်ရုံ ဖြစ်လို့ မရဘူးလေ''လို့ သူကဆိုပါတယ်။

ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့ အားပြိုင်ကြမယ့် "ဒဏ္ဍာရီမိုး" ရုပ်ရှင် 

ရွှေထူးဟာ ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ခင်ကတည်းက သီချင်းအသစ်တွေချည်းပဲ ၁၁ ပုဒ်လောက် ပြင်ဆင်ပြီးနေပြီလို့ သိရပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ဇာတ်တိုက်ရိုက်နေရရင်တောင်မှ သူ့ရဲ့ သီချင်းတွေ တစ်လ တစ်ပုဒ်တင်ရင် ပြတ်မှာ မဟုတ်ပါဘူးတဲ့။ လက်ရှိ မှာလည်း တစ်နှစ်စာလောက် ရှိတဲ့ သီချင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ ရွှေထူူးဟာ မကြာသေးခင် ကလည်း ခလုတ်ဆိုတဲ့ သီချင်း အသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

အဆိုတော် အလုပ်ရော၊ သရုပ်ဆောင်အလုပ်ကိုပါ ဆောင်ရွက်နေရတဲ့ ရွှေထူးက သူ့ရဲ့ အနုပညာအလုပ်တွေကို တစ်နှစ်စာ Plan ဆွဲထားပြီး သားပါတဲ့။ သရုပ်ဆောင်လုပ်နေရတဲ့အချိန်မှာလည်း ပရိသတ်တွေက သီချင်းအသစ်နားထောင်ချင်လာပြီဆိုရင် အဆင်သင့်ချပြလိုက်ရုံပါပဲ လို့ ဆိုပါတယ်။

'' Plan ကတော့ ဆွဲထားရတာပေ့ါ၊ ဒီအချိန်တွေမှာတော့ ကျွန်တော်ဘာလုပ်မယ်ဆိုတာကို Plan ဆွဲထားတယ်၊ ရုပ်ရှင်ရိုက်တယ်ဆို တာ ကလည်း ကိုဝေမင်းမောင်တို့ကို ကျွန်တော်ပြောထားတယ် ၆ လက ကျွန်တော် သီချင်းဆိုမယ်၊ ၆ လက ကျွန်တော်ရုပ်ရှင်ရိုက်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ကြန်မတိုင်ခင် ၂ လ ပိုင်းလောက်ကနေ ၇ လပိုင်း၊ ၈ လပိုင်းလောက်အထိ ကျွန်တော်ရုပ်ရှင်ရိုက်မယ်၊ အဲ့ဒီ နောက်ပိုင်းကိုတော့ ကျွန်တော် သီချင်းဆိုမယ်ပေါ့။ ကျွန်တော့်ရဲ့ တစ်နှစ်စာ Plan ကို အဲ့ဒီလို မျိုးလေး ဆွဲထားတယ်။ ရုပ်ရှင်ရိုက်ရမယ့် ကာလအတွင်းမှာ သီချင်းတွေ အကုန်လုံး လုပ်ထားတယ်။ အကယ်၍ ပရိသတ်တွေဘက်က သီချင်းတစ်ပုဒ်နားထောင်ချင်လာပြီဆိုရင် ကျွန်တော့် ဘက်က အဆင်သင့်ပေးနိုင်ဖို့ Redy ရှိတယ်" လို့ ရွှေထူးက ပြောပါတယ်။

 

ရွှွှေထူးကတော့ အခုလက်ရှိ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ စာရေး ဆရာ ကာရိုက်တာအဖြစ်သရုပ်ဆောင်ရမယ်ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Film Production က ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ရဲတိုက်၊ ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးကတော့ ရွှေထူးအတွက် တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မကြာခင်ကမှ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က