ဇွန်လ ၂၂ ရက်နေ့မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
 

နာမည်ကျော်အနုပညာရှင်တွေပါဝင်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၂ ရက်နေ့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။


7 Sense  Film Production နဲ့အတူ ပထမဆုံးအကြိမ်လက်တွဲအလုပ်လုပ်လာတဲ့ သရုပ်ဆောင်ရဲတိုက်ကတော့ ဇာတ်ကားကောင်းကောင်း လေးရိုက်ခွင့်ရပြီဆိုတဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

'' ထောင်က စလွတ်ကတည်းက ဇာတ်လမ်းကောင်းကောင်းလေး ရိုက်ချင်တယ်၊ အခုတော့ ရိုက်ခွင့်ရပြီပေါ့။ ဒါပေမယ့်လည်း သူတို့လောက် မနုပျိုတော့တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပေါ့'' လို့ ဆိုပါတယ်။

ဝါရင့်အနုပညာရှင်တွေနဲ့အတူ တွဲပြီး ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရသွားမယ့် ရွှေထူးကတော့ ခံစားချက်တွေ စုံနေတာပဲ လို့ ပြောပါတယ်။

'' သူတို့နဲ့ တွဲပြီး သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ရင်ခုန်တယ်။ နည်းနည်းလေးတော့ ရှိန်တာပေါ့။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကတော့ စုံနေတာပဲ။ ရှိန်တာကတော့ အကုန်လုံးကို ရှိန်တာပါ သူတို့က ကျွန်တော့်ထက် အများကြီး စီနီယာလည်းကျတယ်၊ ကျွန်တော့်ကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်မှာကိုပဲ စိုးရိမ်တယ်'' လို့ သူကဆိုပါတယ်။

 

ဇာတ်လမ်းလေးကောင်းလို့ ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တယ် ဆိုတဲ့ ဝတ်မှုံရွှေရည်ကလည်း ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ ပရိသတ်တွေအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါတဲ့။

'' လက်ခံဖြစ်လိုက်တာကလည်း ဇာတ်လမ်းကြောင့်ပေါ့နော်။ ဒီဇာတ်ကားလေးက ပရိသတ်အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မယ် ထင်လို့ လက်ခံဖြစ်လိုက်တာပါ'' လို့ဆိုပါတယ်။

 

ဒါရိုက်တာရဲ့ အလိုကျ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်သွားမယ် ဆိုတဲ့ သရုပ်ဆောင် ဒေါင်းရဲ့ စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားကို ကိုဝင်းလွင်ထက် စပြောကတည်းက ကာရိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လို ရပ်တည်ရမလဲ။ ဒါရိုက်တာ လိုချင်တဲ့ အရောင်က ဘယ်လိုပုံစံမျိုးလဲ ကိုယ်က ဘယ်လို ခြယ်သရမလဲဆိုတာကို ကြိုးစားသရုပ်ဆောင်သွားမှာပါ'' လို့ သူကဆိုပါတယ်။

 

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကတော့ မင်းသားချော ၃ ယောက်နဲ့ မင်းသမီးချောလေး တစ်ယောက် ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။ ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဖြစ်လာမယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က အကောင်းဆုံးပုံဖော်ရိုက်ကူးသွား မှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က