သူတို့ အတွဲလေးက အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်။
 

ဇွန်လ ၂၁ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ စေ့စပ်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ချစ်သူ သက်တမ်း ၄ နှစ်ကျော်အကြာမှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားခဲ့ရတဲ့ သဘောထားလေး တွေ ကိုလည်း မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။


'' သူ့ရဲ့ စိတ်ထားလေးရယ်၊ သုသု အပေါ်မှာထားတဲ့ သူ့ရဲ့ မေတ္တာရယ် အဲ့ဒီနှစ်ခုအပြင် သုသု အထင်ကြီးလို့ ရတယ်၊ သုသု လေးစားလို့ရတဲ့

ယောကျ်ားလေးတစ်ယောက် မှာရှိတဲ့ အရည်အချင်းတွေလည်း သူ့မှာရှိတယ်။ အဲ့ဒါတွေကြောင့်ပါ'' ဆိုပြီးတော့ သရုပ်ဆောင်ပိုင်ဖြိုးသုက ဖွင့်ဟပြောပြခဲ့ပါတယ်။

ဒါရိုက်တာဏကြီးကလည်း ကိုယ့်ကိုယ်ကို မင်းသမီးတစ်ယောက်လို မနေပဲ အရမ်းကိုရိုးသားလှတဲ့ ပိုင်ဖြိုးသုလေးရဲ့ စိတ်ဓာတ်ကို ချစ်တယ် လို့ ဆိုပါတယ်။

'' ကျွန်တော်တို့နှစ်ယောက်စတွေ့ကတည်းက သူက မင်းသမီးတစ်ယောက်လိုမနေဘူး။ အရမ်းရိုးတယ်၊ လှတာကတော့ ပြောစရာမလိုဘူး ပေါ့နော်။ သူ့စိတ်လေးကို ချစ်လို့ပါ'' လို့ သူကဆိုပါတယ်။

 

 

အနုပညာရှင်စုံတွဲလည်းဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသု တို့ဟာ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ် လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်တွေရှိလို့လည်း ပိုပြီးတော့ အားတွေရှိတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

'' အဲ့ဒါကတော့ သုသု ကံကောင်းတယ်လို့ပြောလို့ရတယ်။ သုသုနဲ့ အနေနီးတဲ့ ပရိသတ်တွေအားလုံးက အိမ်ထောင်ဘဲပြုပြု အစောကြီး ကတည်းက ကိုဏကြီးနဲ့ ချစ်သူတွေဖြစ်နေတာလည်း သိကြတယ်။ သူတို့က အိမ်ထောင်ပြုရင်လည်း ချစ်ပေးမယ်၊ နောက်ဆုံး အဘွားကြီး ဖြစ်တဲ့အထိ ချစ်ပေးမယ် ဆိုတဲ့ အားတွေနဲ့ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ လုပ်ဖို့ ပိုပြီးအားရှိလာတယ်'' လို့ ဆိုပါတယ်။

ချစ်သူသက်တမ်း (၄)နှစ်ကျော်မှာ စေ့စပ်လိုက်ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု 

ရိုက်ကွင်းပေါ်မှာ စတွေ့ကြတဲ့ သူတို့ ချစ်သူနှစ်ဦးက လက်ထပ်ပြီးသွားရင်တောင်  အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်မှာပါလို့ ဆိုပါတယ်။

'' အနုပညာအလုပ်တွေကတော့ ဘာမှ ပြောစရာမလိုပါဘူး။ ကျွန်တော်နဲ့ သုသုနဲ့ စတွေ့တာကလည်း ရိုက်ကွင်းပေါ်မှာ စတွေ့တာဆိုတော့ စိတ်တူကိုယ်တူလည်းဖြစ်တော့ အနုပညာအလုပ်တွေက ပိုပြီးတောင်လုပ်ဖြစ်မယ်လို့ထင်ပါတယ်'' ဆိုပြီးတော့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

 

ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာကာ ယခုဆိုရင် အကယ်ဒမီဆုတစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။3Girls ဇာတ်ကားမှာ စာရေးဆရာမ ရွှေရုပ်သွင် ကာရိုုက်တာကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။

ဒါရိုက်တာ ဏကြီးဟာ ဆိုရင်လည်း အနုပညာလောကမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ဦးပါ။ ကိုယ်ပိုင်စတူဒီယိုတည်ဆောက်ထားပြီး ဝါသနာပါရာ အနုပညာအလုပ်တွေကို  ပုံဖော်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး

ဒါရိုက်တာ ဏကြီးကိုယ်တိုင် ရိုက်ကူးထားတဲ့ မီ ရုပ်ရှင်ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပိုင်ဖြိုးသုက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က