အဲဒီအတွက် စမိုင်းလ်က ခင်ပွန်းကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါတယ်။

ပြီးပြည့်စုံပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တို့မိသားစုလေးဟာ လွယ်လွယ်နဲ့ ဒီလို ဘဝမျိုးကို ရောက်ရှိခဲ့ကြတာမဟုတ်ပါဘူး။ ခင်ပွန်းနဲ့အတူ ရုန်းကန်ပြီး ဘဝကို ကြိုးစားခဲ့ရပုံနဲ့ ခင်ပွန်းဖြစ်သူရဲ့ သိတတ်မှုတွေကို ကျေးဇူးတင်စွာနဲ့ စမိုင်းလ်က ပြောပြခဲ့ပါတယ်။

 

သရုပ်ဆောင် စမိုင်းလ်ဟာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။  ခင်ပွန်းရဲ့ ချစ်ခင်မှု သမီးလေးတွေရဲ့ လေးစားမှု တွေနဲ့ အတူ ပြည့်စုံလှတဲ့ သူမရဲ့ ဘဝလေးဟာ ပြီးပြည့်စုံပြီး ပျော်ရွှင်ဖို့ ကောင်းလှပါတယ်။ သူမတို့အနေနဲ့ ပြီးပြည့်စုံ တဲ့ ဘဝလေးကို လွယ်လွယ်နဲ့ ပိုင်ဆိုင်ထားခဲ့ရတာမဟုတ်ပါဘူးတဲ့။

 

"အမက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတယ်။ နာမည်ရှိနေတဲ့ အချိန်မှာ သူ့နောက်ကို လိုက်သွားတော့ တချို့လူတွေ ကလည်း ပြောကြတယ်။ အောင်မြင်မှုကို စွန့်လွှတ်ပြီးတော့ သူ့နောက်ကို ဘာလို့လိုက်သွားတာတုန်းပေ့ါ။ ဒီလိုနဲ့နှစ်ယောက်သား ကြိုးစားခဲ့ရတယ်။ အစတုန်းကဆိုရင် ဖုန်းကဒ်လေးတွေ ရောင်းခဲ့တယ်" လို့ Duwun Media ကိုဖြေဆိုခဲ့တာပါ။

အဲဒီလို အောက်ခြေကစပြီး ရုန်းကန်ခဲ့ရတဲ့အတွက် စမိုင်းလ်က အားငယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူကတော့ အားငယ်စိတ်ကို ခွန်အားအဖြစ် ပြောင်းလဲလို့ အလုပ်ကို ပိုကြိုးစားခဲ့တယ်လို့ စမိုင်းလ်က ပြောပြခဲ့ပါတယ်။

 

ငယ်ရွယ်တဲ့အချိန်မှာ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးအတွက်လည်း ဆုံးဖြတ်ချက်အရမ်းမှန်တယ်လို့ ထင်မိကြောင်း သူမက ဆက်ပြီး ပြောပြခဲ့ပါတယ်။ကိုယ့်အပေါ် အရမ်းကောင်းတဲ့ ခင်ပွန်းရထားတဲ့ အတွက်လည်း အရမ်းကျေနပ်မိသလို ကလေး နှစ်ယောက် အမေဖြစ်နေတဲ့ အထိ ချစ်ပေးနေတဲ့ ခင်ပွန်းကို ကျေးဇူးတင်ပါတယ်တဲ့။

 

"အကို နှစ်ဖက်မိသားစုအပေါ်လည်း အရမ်းကောင်းတယ်။ မိသားစုအပေါ်လည်း အရမ်းသိတတ်တဲ့ ခင်ပွန်းပါ။ အိမ်ထောင် သက်တမ်း (၁၅)နှစ်မှာ တစ်ယောက်နဲ့တစ်ယောက် သံသယရှင်းရှင်းနဲ့ နေတယ်။ ပွင့်ပွင့်လင်းလင်းပြောတယ်။ ညာတာတွေ ဘာတွေမရှိဘူး။ အမက အရမ်းစိတ်တိုလွယ်တယ်။ အဲ့အခါကျရင် အကိုကဘေးကနေ အမြဲထိန်းပေးတယ်" လို့  ဆက်လက်ပြောပြခဲ့ပါတယ်။

စိတ်ကူးလေးတွေကို အမှတ်တရလေးဖြစ်အောင် လုပ်တဲ့သဘောပါဆိုတဲ့ စမိုင်းလ် 

များသောအားဖြင့် လူတော်တော်များများဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါပေမယ့် စမိုင်းရဲ့ ခင်ပွန်းကတော့ အဲ့လိုမဟုတ်ပါဘူးတဲ့။ ဆင်းရဲတဲ့ အချိန်မှာလည်း အတူတူငတ်ခဲ့ကြသလို ချမ်းသာတဲ့ အချိန်မှာလည်း အတူတူချမ်းသာခြင်းကို ခံစားသူပါလို့ စမိုင်းလ်က ဆိုပါတယ်။

 

"ပိုက်ဆံ ရှိလာတဲ့အခါ ကျတော့ လွယ်တယ်လေ။ အထူးသဖြင့် ယောကျ်ားတွေက စပြီးဖောက်ပြန်နိုင်တယ်။ အဲ့ဒါမျိုးကို အကိုက ထိန်းသိမ်းတယ်။ အမမပါပဲနဲ့ သူငယ်ချင်းနဲ့ ညစာစားတာတောင် ညီမမပါဘဲနဲ့ မသွားဘူးအဓိက တော့ သူလိမ္မာတာပေ့ါ" ဆိုပြီး ခင်ပွန်းရဲ့ သဘောကျစရာကောင်းတဲ့ အချက်လေးတွေကို စမိုင်းလ်က ပြောပြခဲ့ပါတယ်။

 

အခုဆိုရင်တော့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

 

Share

Loading Next Article...
က္က