အရင်တုန်းကလည်း မျက်ကပ်မှန်အပြာလေးနဲ့ပဲ။

အနုပညာအလုပ်တွေ စလုပ်ကတည်းက မျက်ဝန်းပြာပိုင်ရှင်လေးဆိုပြီးတော့ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ ဇင်ဇင်ဇော်မြင့်ဟာ အခုချိန်ထိ လည်း သူ့ရဲ့ ပရိသတ်တွေကို မျက်ဝန်းပြာလေးနဲ့ ညှို့ယူဖမ်းစားနေတုန်းပါပဲ။ အခုထိ လှသွေးကြွယ်နေဆဲ ဖြစ်တဲ့ ဇင်ဇင်ဇော်မြင့်က နုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်ကိုလည်း ပြောပြခဲ့ပါတယ်။

 

အရင်တုန်းကလည်း မျက်ကပ်မှန်အပြာရောင်လေးနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြသလို အခုချိန်မှာရော၊ နောင်တစ်ချိန်မှာရော မျက်ကပ်မှန်အပြာလေးကိုပဲ တပ်သွားမယ်လို့ ဆိုပါတယ်။

'' အဓိက ကတော့ မျက်ကပ်မှန်အပြာနဲ့ ကိုယ့်ကို ပရိသတ်တွေက မြင်စေချင်တာပေါ့။ ဒါကြောင့်မို့လို့လည်း ပရိသတ်ကြီးရဲ့ ဆန္ဒအတိုင်း မေလေးက မျက်ကပ်မှန်အပြာလေးကို အခုချိန်ထိ စွဲစွဲမြဲမြဲ တပ်ဖြစ်သွားတာပါ။ အခုလည်း အပြာ၊ နောက်လည်း အပြာ၊ အရင်တုန်းကလည်း အပြာရောင်လေးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ မေလေးက Sky Blue ကာလာလေးကိုလည်း ကြိုက်နှစ်သက်တယ်'' လို့ သူကဆိုပါတယ်။

အနုပညာအလုပ်တွေပြန်လုပ်ဖို့ ဝိတ်လျှော့ခဲ့ရတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့် 

 

ဇူလိုင်လ ၁ ရက်နေ့ ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာတဲ့ ဇင်ဇင်ဇော်မြင့်ဟာ အခုထိနုပျိုလှပနေတာကို မြင်တွေ့ရပါတယ်။ အလှအပကို ဘယ်လိုထိန်းသိမ်းထားသလဲလို့ မေးမြန်းကြရာမှာ မေလေးလို့ သူ့ကိုယ်သူပြောတတ်တဲ့ ဇင်ဇင်ဇော်မြင့်က အခုလို ဖြေဆိုခဲ့ပါတယ်။

'' ကိုယ်က ဘုရားတရားသမားပါ။ ဘာသာရေးလိုက်စားတယ်။ တရားထိုင်တယ်။ ပြီးတော့ မေလေးက စိတ်ကိုပျော်ပျော်ထားတတ်တယ်။ ကိုယ့်ကို ချစ်တဲ့သူဖြစ်ဖြစ် မုန်းတဲ့သူဖြစ်ဖြစ် အမြဲတမ်း အကောင်းဘက်ကပဲ ကြည့်ပေးတယ်။ စိတ်ညစ်စရာဆိုတာကတော့ လူတိုင်းရှိတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီစိတ်ညစ်စရာတွေကို ချက်ချင်းပဲ ခေါင်းထဲက ထုတ်ပြီးတော့ ပျော်အောင်လို့ပဲ အမြဲနေပါတယ်'' တဲ့။

Photo: Amazing Grace


အနုပညာအလုပ်တွေ ရပ်နားထားခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ဟာ CKKP ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ အနုပညာလောက ထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာခဲ့ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။


 

Share

Loading Next Article...
က္က