Amazon မှာ တင်ပေးဖို့အထိ စီစဉ်နေပါတယ်။

သားစိုးကိုယ်တိုင်ပြုလုပ်လိုက်တဲ့ ရောသမနှပ် လက်ဖက်ကို ထုတ်လုပ်ဖြန့်ချိလိုက်ပါပြီ။  လက်ဖက်စပ်ခဲ့ရစဉ်က အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတာပါ။ ပြည်တွင်းမှာ ဝယ်ယူရရှိနိုင်နေပြီဖြစ်တဲ့ သားစိုးရဲ့လက်ဖက်က ပြည်ပနိုင်ငံအထိ ဈေးကွက်ထိုးဖောက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

 

အဆိုတော်သားစိုးက ရောသမနှပ် လက်ဖက်ကို ဇူလိုင်လ ၄ ရက်နေ့ကစပြီး ပရိသတ်တွေနဲ့ မိတ်ဆက် ပေးလိုက်ပါပြီ။ ရောသမနှပ် လက်ဖက်ကို သားစိုးကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ ထုတ်လုပ်ခဲ့ရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ရောသမနှပ် လက်ဖက်ကို ကျွန်တော်ကိုယ်တိုင် ဖော်ထုတ်ပြီး ၂၀၁၄ ကတည်းက မြည်းစမ်းထားတဲ့ လက်ဖက်ဖြစ်ပါတယ်။ အစအဆုံး ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ လက်ဖက်ကြိတ်သားကနေ ဇောင်းခါးသီး နှပ်တာကအစ ကိုယ့်ဘာသာကိုယ် တော်တော်များများ ကြိုးစားပြီးမှ ဒီလိုအခြေအနေ ရောက်လာခဲ့တာပါ'' လို့ သားစိုးက ပြောပါတယ်။

 

သားစိုးဟာ ရောသမနှပ် လက်ဖက်ကို FDA အောင်ဖို့အတွက် တစ်နှစ်ကျော်လောက် စောင့်ခဲ့ရတယ်လို့ သိရပါတယ်။ အစားအသောက် လုပ်ငန်းကိုလည်း ကျွမ်းကျင်မှု မရှိတာကြောင့် ဒုက္ခရောက်ခဲ့ရတာတွေ ရှိခဲ့ကြောင်း ဇူလိုင်လ ၄ ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ရောသမနှပ် လက်ဖက် မိတ်ဆက်ပွဲက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ကိုယ်ပိုင်မြန်မာမုန့်ထုတ်မယ်ဆိုတဲ့ သားစိုး  

အခုတော့ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ပြီဖြစ်တဲ့  သားစိုးရဲ့ ရောသမနှပ်လက်ဖက်ကို သူငယ်ချင်း မိတ်ဆွေတွေက ပြည်ပနိုင်ငံတွေအထိ သယ်ဆောင်သွားပေးကြတဲ့အတွက် နိုင်ငံအတော်များများကို ရောက်ရှိနေပါပြီ။

'' နိုင်ငံခြားတွေတော့ ရောက်ကုန်ကြပြီ သူငယ်ချင်းတွေ ယူသွားကြတာပေါ့နော်။  မဖြူဖြူကျော်သိန်းဆိုလည်း ပြင်သစ်ကို ယူသွားတယ် ပဲရစ် မှာ အီဖယ်မျှော်စင်နဲ့ သူရိုက်ပေးထားတယ်။ တခြားမိတ်ဆွေတွေဆိုလည်း အမေရိကားရောက်သွားတယ်။ ဝါရှင်တန် ဒီစီကိုရောက်သွားတယ်။ ဂျပန်ကသူငယ်ချင်းတွေကလည်း ဂျပန်ကို ပို့ပေးဖို့ ဖုန်းတွေဆက်လာကြတယ်''လို့ ပြောပြပါတယ်။

သားစိုးရဲ့ ၅၀ တန် ရောသမနှပ် လက်ဖက်ထုပ်များ

 

နိုင်ငံခြားရောက်နေတဲ့ မြန်မာများ ဝယ်ယူနိုင်ရန်အတွက် Amazon လို အွန်လိုင်းအရောင်းဝက်ဆိုဒ်တွေမှာ တင်သွားဖို့အထိ သားစိုးက စီစဉ်စိတ်ကူးထားပါတယ်။ လောလောဆယ်တော့ ရန်ကုန်ကဆိုင်တွေမှာ ရောသမနှပ်လက်ဖက် ၅၀ တန် အထုပ်လေးတွေ ဖြန့်ချိထားတယ်လို့ သိရပါတယ်။ အများအပြားဝယ်လိုတယ်ဆိုရင် ရောသမနှပ်ဖေ့စ်ဘွတ်ပေ့ချ် ကနေ မှာယူနိုင်တယ်လို့လည်း သားစိုးက ပြောပြပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က