သက်တော် (၇၁) နှစ်ပြည့်ပါပြီ။

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ သက်တော်(၇၁) နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ကျပ်သိန်း ၁၅၀ ကို ဒီနေ့မှာပဲ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။ ဥူးဇင်းကြီးကတော့ လက်ရှိ သြစတေးလျနိုင်ငံမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရ တယ်လို့လည်း သိရပါတယ်။

Photo: Facebook

 

ဦးကျော်ဟိန်း(ခ) ဥူးဇင်းကိတ္တိသာရရဲ့ သက်တော် ၇၁ နှစ်ပြည့် မွေးနေ့အမှတ်တရ အနေနဲ့ ဇူလိုင်လ ၇ ရက်နေ့ ဒီနေ့ မနက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မိသားစုတွေက အလှူအတန်းပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်သက်ကြီးရွယ်အိုများနဲ့ လူကြမ်း သရုပ်ဆောင်ကိုလူချောအဖွဲ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့တယ်လို့ ဦးကျော်ဟိန်းရဲ့သားက ပြောပါတယ်။

'' တကယ်က ဇူလိုင်လ ၁၄ ရက်နေ့ကျရင် ဥူးဇင်းကြီး ၇၁ နှစ်ပြည့်ပေါ့နော်။ အဲ့ဒီအတွက် သက်ကြီးရွယ်အို သရုပ်ဆောင်တွေအတွက်၊ ပြီးတော့ ကိုယ်လူချောအဖွဲ့တွေကို ဒုတိယတစ်ခေါက် ရန်ပုံငွေပဒေသာပင်ကို ဥူးဇင်းကြီးရဲ့မွေးနေ့လက်ဆောင်အဖြစ်လာမတည်ပေးတာပါ။ သက်ကြီး ရွယ်အိုတွေကိုတော့ ၇၅ သိန်း၊ ကိုလူချောအဖွဲ့တွေကိုတော့ ၇၅ သိန်းလှူပါတယ်'' လို့ သားဖြစ်သူ နေဝင်းက ပြောပါတယ်။

ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)မွေးနေ့အလှူတော် 

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ အခုလက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် သြစတေးလျနိုင်ငံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ကျော်ဟိန်းနဲ့အတူ ဇာတ်ကားတွေအများကြီးရိုက်ခဲ့ဖူးတဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း(ကိုလူချောအဖွဲ့ အတွင်းရေးမှူး)ကလည်း အမှတ်တရအကြောင်းတွေကိုDuwun Media ကနေပြောလာခဲ့ပါတယ်။

'' ကျွန်တော်နဲ့ ဦးကျော်နဲ့က တော်တော်များများ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဘယ်သူတွေဘာဖြစ်တယ်၊ ဘယ်သူတွေ ဘာအသံကြားလဲ မေးတယ်။ လူကြမ်းတွေနဲ့ သူနဲ့လည်း သဟဇာတ ဖြစ်တယ်။ သူက အစကတည်းက ရိုက်ကွင်းလာပြီဆိုတာနဲ့ လူကြမ်းတွေ အကြောင်းပဲမေးတာ ဘယ်သူက ဘယ်လိုကျန်းမာရေးရှိသလဲပေါ၊ စီးပွားရေးအခြေအနေကအစ မေးလေ့ရှိတယ်'' လို့ ဆိုပါတယ်။

 

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ မွေးနေ့အမှတ်တရ အလှူအဖြစ် အလှူငွေတွေလည်း လှူဒါန်းခဲ့သလို ဦးကျော်ဟိန်းကိုယ်တိုင် ရေးသား ထားတဲ့ တရားစာအုပ်လေးတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ ဒီအလှူအတန်းနဲ့ ပတ်သက်ပြီး လူကြမ်းသရုပ်ဆောင် ဦးဘဂျမ်းရဲ့ ရင်ထဲက စကားသံ ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဒီတစ်ကြိမ်လှူတဲ့အခါမှာ ငွေကြေးလှူတာတင်မက အသိတရားတွေ၊ သားသမီးတွေ မိဘတွေကြားမှာ ရှိတဲ့ အသိတရားတွေကို ဆင်ခြင်တုံတရားရအောင် တရားစာအုပ်လေးတွေ ကို ထုတ်ဝေပြီးတော့ လှူဒါန်းပေးပါတယ်။ အဲ့ဒီအပေါ်မှာ ဝမ်းသာပီတိဖြစ်ရတာထက် သားသမီးလေး တွေကလည်း ဒီစာပေလေးတွေကိုဖတ်ရင်း အသိတရားရဖို့ မျှော်လင့်ပါတယ်'' လို့ သူကဆိုပါတယ်။

 

ဦးကျော်ဟိန်းဟာ ဇာတ်ကားပေါင်း ရာနဲ့ချီရီုက်ကူးခဲ့ပြီး ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားအချို့ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် လောကရဲ့အရေးပါဆုံး ဝါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့ကစပြီး အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ဘောင်ထဲအပြီးတိုင်ဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က