ရန်ကုန်က Shopping Center တွေမှာလည်း ဖင်ပြောင်ကြီးတွေနဲ့ ရိုက်ခဲ့ရတယ်။

လူရိုင်းဇာတ်ရုပ်လေးနဲ့ တွေ့ရဦးမယ့် ဂျိုကာ ကတော့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင် တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ လူရိုင်းပုံစံ ဖင်ပြောင်ကြီးတွေနဲ့ ရန်ကုန်မြို့က Shopping Center တွေမှာ ရိုက်ကူးရေး လုပ်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။

 

ကာရိုက်တာဆန်းဆန်းပြားပြားလေးတွေမြင်ရမယ့် ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ်လို့ ဂျိုကာက ပြောပါတယ်။ ဒီဇာတ်ကားကို ပြန်ကြည့်ချိန်မှာလည်း ပရိသတ်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အားပေးခဲ့တာလို့ ပြောပါတယ်။

'' ပရိသတ်ဘက်ကနေ ကြည့်မယ်ဆိုရင် ဒီဇာတ်ကားလေးက အမြင်လည်းဆန်းပြီးတော့ ရယ်ရမှာတော့ သေချာတယ်။ ပြီးတော့ လူရိုင်း ပုံစံလေးတွေနဲ့ တင်ပြထားတာဆိုတော့ ဒီအပေါ်မှာလည်း စိတ်ဝင်တစားရှိပြီး သဘောကျ နှစ်ခြိုက်ကြမှာပါ'' ဆိုပြီးတော့ ဘော်ဘော်ကထှော် ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို တက်ရောက်လာရင်း အင်တာဗျူးဖြေဆိုခဲ့တာပါ။

ဘော်ဘော်ကထှော်ဆိုတဲ့ လူရိုင်းတွေရဲ့ ကာရိုက်တာပီပြင်ဖို့ ထွေထွေထူးထူး ကြိုးစားခဲ့ရတာမရှိပါဘူးတဲ့။ အတူတွဲပြီးသရုပ်ဆောင်ရတဲ့ အနု ပညာရှင်တွေကလည်း သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတယ်လို့ပြောပါတယ်။ ဇာတ်ကားရိုက်ကူးနေချိန်မှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတယ်လို့ ဂျိုကာ က ပြောပါတယ်။

'' ရှုတင်မှာဆိုရင်လည်း တစ်နေ့နဲ့ တစ်နေ့ ရယ်နေရတာ။ လူတွေကလည်း ဒီ ၃ ယောက်သွားရင် အဲ့ဒီတုန်းက ရိုက်ကူးရေးကာလဆိုတော့ ဖင်ပြောင်ကြီးတွေနဲ့ဆိုပြီးတော့ ကြည့်ကြတာပေါ့ မြို့ပေါ်တွေမှာ သွားတယ်၊ လာတယ်။ Shopping Center တွေမှာရော ၃ ယောက်သား သွားရင် စိတ်ဝင်စားနေကြတာပေါ့။ အဲ့ဒီတုန်းကတည်းက လူရိုင်းကားဆိုပြီး စိတ်ဝင်စားနေကြတာ''  လို့ ဆိုပါတယ်။

 

ဂျိုကာဟာ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားရိုက်ရင်း ဒါရိုက်တာ ကိုပေါက်၊ မြင့်မြတ်၊ ခင်လှိုင်တို့နဲ့ စတွေ့ခဲ့တာပါတဲ့။ ပထမဆုံး ပါဝင်သရုပ်ဆောင် ခဲ့ဖူးတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာလည်း အရင်က အမှတ်တရလေးတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

''ကိုမြင့်မြတ်၊ ဦးခင်လှိုင် တို့နဲ့ကလည်း အဲ့ဒီတုန်းကတည်းက အစလိုဖြစ်နေတော့ သူတို့နဲ့ တွေ့တဲ့အချိန်မှာ ကလေးလို လိုဖြစ်နေတော့ အားလုံးကလည်း တွဲခေါ်ပေးတဲ့အတွက်  ကျေးဇူးတင်ပါတယ်။ သူတို့နဲ့ တွဲပြီးတော့ လူကောင် ခပ်ထွားထွားကြီးတစ်ကောင် ဖြစ်တဲ့ ဂျိုကာဆိုတဲ့ ကောင်လေးပါတယ်ပေါ့ ဒါကတော့ အမှတ်တရပါပဲ''  လို့ ပြောပါတယ်။

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ နဲ့ မုဏ်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က