အစ်ကိုက မရှိမဖြစ်လူတစ်ယောက်ပါ။

သရုပ်ဆောင်ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်အလှူကို သားညီ ၊ ဇွဲနိုင်ဝင်း၊ ဝေဠုကျော်၊ မေကဗျာ နဲ့အတူ ဒွေးရဲ့ မိသားစုတွေက ပြုလုပ်ပေး ခဲ့ပါတယ်။ ကိုသားကြီးက ကျွန်တော့်အတွက် မရှိမဖြစ်ခဲ့တဲ့ လူတစ်ယောက်ပါလို့ သားညီက ရင်ဖွင့်လာပါတယ်။ ကိုသားကြီးကို လွမ်းတဲ့ စိတ်ထက် အသက်ရှင်နေတာလေးကို ပိုလိုချင်တယ်လို့ ပြောပါတယ်။

 

ဇူလိုင်လ ၁၁ ရက်နေ့တုန်းက သရုပ်ဆောင် အကယ်ဒမီ ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မိသားစုဝင်တွေကလည်း ၁၁ ရက်နေ့ တုန်းက မှော်ဘီမြို့မှာရှိတဲ့ သာသနာ့ဝံဆောင် ကျောင်းတိုက်မှာ ဒွေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သားညီက Duwun media ကိုပြောပြခဲ့ပါတယ်။

'' ၁၁ နှစ်ရှိသွားပြီပေါ့နော်၊ ကျွန်တော်တို့ မှော်ဘီက ဘုန်းကြီးကျောင်းမှာ ကျောင်းရှိ သံဃာတော်တွေ အကုန်ဆွမ်းကျွေးပါတယ်။ သင်္က္ကန်း ကပ်တယ်၊ ဆေးတွေလည်း လှူတယ်။ အဲ့ဒီအတွက် ကိုသားကြီးနဲ့ရော၊ သူ့ကို အားပေးတဲ့ ပရိသတ်တွေကိုရော အမျှပေးပါတယ်။ ကိုသားကြီး အတွက် သာဓုခေါ်ပေးကြပါ'' လို့ သူကပြောပါတယ်။

 

အစ်ကိုဖြစ်သူ ဒွေးကွယ်လွန်သွားတဲ့ ၁၁ နှစ်ပြည့်အတွင်းမှာလည်း အိမ်မက်မက်တာမျိုးတွေတော့ မရှိပါဘူးတဲ့။ ဒီနေ့ အချိန်ထိ သရုပ်ဆောင် ဒွေးကို မိသားစုဝင် တွေနဲ့အတူ ပရိသတ်တွေကလည်း သတိတရရှိနေပေးကြလို့ ကျေးဇူးတင်တယ်လို့ သားညီက ပြောပါတယ်။

'' ကိုသားကြီးကို အိမ်မက် မက်တာမျိုးတော့ မရှိဘူး။ ကျွန်တော့်အထင်တော့ လစ်သွားပြီလို့ထင်တယ်။ သူသေသွားပြီးတဲ့နောက်မှာလည်း ပရိသတ်တွေက မမေ့သေးဘူးဆိုတာကို ပီတိဖြစ်နေပြန်ရင်လည်း သူသေသွားတာကို ကျွန်တော်က ဝမ်းသာမိနေသလို ဖြစ်ဦးမယ်။ လွမ်းတာ တော့လွမ်းတာပေါ့ဗျာ။ ရှိနေတာကိုတော့ ပိုလိုချင်တာပေါ့'' လို့ ဆိုပါတယ်။

Photo: Thar Nyi Fb

 

သားညီဟာ သူ့အတွက် မရှိမဖြစ်လူတစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူ ဒွေး မရှိတော့တဲ့နောက်မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် နေရတယ်လို့ ပြောပါတယ်။

'' ကိုသားကြီးက ကျွန်တော့်အတွက်တော့ မရှိမဖြစ်ခဲ့တဲ့ လူတစ်ယောက်ပါပဲ။ ဒါပေမယ့်လည်း သူမရှိတော့တဲ့ အချိန်မှာ ဖြစ်အောင်နေရတာ ပေါ့လေ။ ကိုသားကြီးရဲ့ ဇနီး မမိုးကလည်း အခု သူတို့ရဲ့သားလေး ဝေယံမိုးရှိတယ်၊ သူ့တူမလေး လည်းရှိတယ်။ သူတို့ အတူတူနေကြပါတယ်'' ဆိုပြီးတော့ ကြွေရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း Duwun  Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo: Thar Nyi Fb

 

စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဒွေးဟာ ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲကို စတင်ခြေချခဲ့တာပါ။ ဦးလေးဖြစ်သူ ကျော်ဟိန်း နဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သားညီကလည်း အစ်ကိုဖြစ်တဲ့ ကိုသားကြီးနဲ့ အတူ ဇာတ်ကားတွေရိုက်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က