ပေးဆပ်လိုက်ရတာတွေ အရမ်းများခဲ့တယ်တဲ့။

သမီးစိတ်နဲ့ အရက်တွေ ပြန်သောက်ဖြစ်နေသလို အဓိဌာန်တွေလည်း ပြတ်ခဲ့တယ်တဲ့။ ဘုရားမှာ သစ္စာဆိုထားတာတွေလည်း စည်းပေါက် သွားခဲ့သလို တော်တော်လေးကို ပေးဆပ်လိုက်ရတယ်တဲ့။

Photo : ဒိန်းဒေါင် FB

 

ဒိန်းဒေါင်ဟာ သမီးဖြစ်သူကို အမွေပြတ်စွန့်လွှတ်လိုက်ပြီးနောက် သမီးစိတ်နဲ့ (၂)လလောက် အရက်သမားဖြစ်သွားခဲ့ပါတယ်။ မဲကိစ္စတွေနဲ့ ပတ်သက်ပြီး ဒိန်းဒေါင်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာတဲ့ အတွက် သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို အမွေပြတ် စွန့်လွှတ်လိုက်တာ ဖြစ်သလို သမီးစိတ်နဲ့ ကားတိုက်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"သားသမီးစိတ်နဲ့ စဖြစ်တဲ့နေ့ကစပြီး (၂)လနည်းပါးလောက် အဓိဌာန်လည်းပြတ်တယ်။ အရက်လည်း ပြန်သောက်ဖြစ်တယ်။ ဒီအရက်ကို ကျွန်တော်မသောက်တော့ဘူးဆိုပြီး အဓိဌာန်ဝင်ခဲ့တာကြာပြီ။ဘုရားကိုတောင်မှ သစ္စာဆိုထားတာ စည်းပေါက်သွားတယ်။ အဲ့အတွက်လည်း တော်တော်လေးကို ပေးဆပ်လိုက်ရတယ်။ သောကတွေကော ကာတွေတိုက်တယ်။ အမျိုးမျိုးပေ့ါ။ တော်တော်လည်း ခံစားလိုက်ရတယ်" ဆိုပြီး ဇူလိုင်(၂၁) ရက်နေ့ ကျင်းပပြုလုပ်တဲ့ "မင်းဖြူရှင်နှင့် မြင်းသည်တော် ဖိုးအေး " ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ Duwun Media ကို ဖြေဆိုပေးထားတာပါ။

Photo : ဒိန်းဒေါင် FB

 

ထို့အပြင် ဒိန်းဒေါင်ဟာ အလှူအတန်းတွေများစွာ ပြုလုပ်သူတစ်ဦးဖြစ်ပေမယ့်လည်း သမီးဖြစ်သူရဲ့ မဲကိစ္စတွေ ဖြစ်သွားပြီးနောက်မှာ သူ့ရဲ့ ဖြူစင်တဲ့ ငွေတွေနဲ့ လှူဒါန်းတဲ့ အလှူအတန်းတွေပါ ထိခိုက်လာမှာ ကြောက်တယ်လို့ ဆိုပါတယ်။

"သူ့ကိစ္စသူရှင်း ကျွန်တော်ပြောတာကျွန်တော့်ကို ပရိသတ် မုန်းသွားအောင် မလုုပ်နဲ့ ကျွန်တော်က ပရိသတ်ချစ်အောင် နေချင်တာ။ နဂိုတည်းကမှ ကျွန်တော့် ပရိသတ်တွေက မြန်မာနိုင်ငံမှာ ၆၀ လောက်ပဲရှိတာ အဲ့အချိန်မှာ ဒီလိုမျိုးတော့ အဖြစ်မခံနိုင်ဘူးလေဗျာ။ ကျွန်တော် က ပရိသတ်အတွက် လူဖြစ်လာတယ်။

သူများပျော်အောင် လုပ်မယ်ဆိုပြီး လူဖြစ်လာတဲ့ လူတစ်ယောက် ပြီးတော့ သူတို့ဖြစ်သွားတာက တစ်လအတွင်း ဖြစ်သွားတာလေ။ ကျွန်တော် လှူခဲ့ တန်းခဲ့တာကကြာလှပြီ။ဘုရားတည်တာ သိမ်လှူတာ တစ်နှစ်တစ်ခါ ဘုရားထီးတင်တာ မိဘမဲ့ကလေးတွေ ရှင်ပြုပေးတာ တို့ကျွန်တော် လှူခဲ့တဲ့ ဟာတွေနဲ့လာပြီးနွယ်သွားမှာ ကြောက်တယ်။ဒီကောင်လှူနိုင်မှာပေ့ါဆိုတဲ့ ပုံစံလည်း လာမလုပ်နဲ့ ဘယ်သူလုပ်တာလည်း ဆိုတာ အားလုံးသိရဲ့နဲ့ ကျွန်တော့်ကို လာမထိခိုက်နဲ့" ဆိုပြီး Duwun Media ကို ဆက်လက် ဖြေဆိုပေးထားပါတယ်။

Photo : ဒိန်းဒေါင် FB

 

ဒိန်းပိုပိုဒေါင်ဟာ သရုပ်ဆောာင်ဖြိုးသီရိထွန်း ဆီက ဆုမဲများကို ဝယ်ယူကာ တစ်ဖက်မဲသားများဆီသို့ ငါးသောင်းသော်လည်းကောင်း တစ်သိန်းသော်လည်းကောင်း အမြတ်စားကာ ဝယ်ရောင်းလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ဖြိုးသီရိထွန်းဆီက သိန်းရာချီ ဝယ်ခဲ့ သလို သူမကို ယုံကြည်ပြီးတစ်ဆင့်ခံ ဝယ်ယူခဲ့တဲ့ မဲသားတွေလည်း ရှိလို့နေခဲ့တာပါ။

ဒိုင်ဖြစ်သူ ဖြိုးသီရိထွန်းက ဆုမဲများကို မလျော်နိုင်လို့ ထွက်ပြေးခဲ့ပေမယ့်လည်း မေလ(၄)ရက်နေ့မှာ ဒိန်းပိုပိုဒေါင်နဲ့ ဖခင်ဖြစ်သူ ဒိန်းဒေါင်တို့ဟာ ဖြိုးသီရိထွန်းတို့ကို ရှာဖွေနိုင်ခဲ့ပြီး မဲကိစ္စများဖြေရှင်းပေးဖို့အတွက် အလိမ်ခံရသော မိသားစုပေါင်းများစွာရဲ့ရှေ့မှာ စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။

သိန်း ၈,၀၀၀ နီးပါး အလိမ်ခံလိုက်ရကြောင်း ဖွင့်ပြောပြတဲ့ ဒိန်းပိုပိုဒေါင် 

ထို့နောက်ဖြိုးသီရိထွန်းတို့ မိသားစုမှာ ငွေရှာမည်လို့ ပြောတာပြီး ထွက်သွားခဲ့ပေမယ့် အခုချိန်ထိ ဘယ်သူမှ ဆက်သွယ်၍ မရဘဲ ဖြစ်နေ တယ် လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဒိန်းပိုပိုဒေါင် ကိုယ်တိုင်လည်း သိန်း ၈,၀၀၀ နီးပါး လောက် အလိမ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က