ဆုပန်ထွာက အိမ်ရှင်မအဖြစ် တာဝန်တွေ မအားလပ်တဲ့ကြားက ဘာသာရေးကို မပျက်မကွက်ပြုလုပ်သူပါ။

သရုပ်ဆောင်ဆုပန်ထွာတစ်ယောက် ဘာသာတရား ကိုင်းရှိုင်းတဲ့ အကြောင်းကို ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်က ပြောပြ လာတာဖြစ်ပါတယ်။ ဘာသာရေးကို ဦးစားပေးဆောင်ရွက်တတ်တဲ့ ဆုပန်ထွာက ခင်ပွန်းဖြစ်သူကိုလည်း ဘုရား၊ တရားမမေ့ အောင် အမြဲ တိုက်တွန်း ခဲ့ တယ် လို့ ဆိုပါတယ်။

 

ဆုပန်ထွာဟာ မိသားစုအရေးအတွက် တာဝန်ယူဆောင်ရွက်နေရတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ မိသားစု တာဝန်တွေ လည်း ထမ်းဆောင် နေရတဲ့ သူ့အတွက် ဘာသာရေး ကိုလည်း မပြတ်မကွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူလည်း ဘာသာရေးလိုက်စား သလို ခင်ပွန်းကိုလည်း ဘုရားတရား မမေ့အောင် တိုက်တွန်းလေ့ရှိ တယ်လို့ ဆုပန်ထွာက ပြောပါတယ်။

'' သူ့ကို နေ့တိုင်းဘုရားရှိခိုးဖြစ်အောင် ပြီးတော့ မဟာသမယသုတ်လေး ရွတ်ဖြစ်အောင် ပန်ပန်အမြဲတမ်းတိုက်တွန်းတယ်။ ပန်ပန် ဆိုရင် လည်း နစ္စဓူဝ ကိုယ့်အိမ်ထောင်ကိစ္စတွေရှိတယ်၊ အစ်ကို့ကိစ္စတွေ၊ သားလေးကိစ္စတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ့ အတွက် မဟာသမယသုတ်တော့ ရွတ်မှဖြစ်မယ်ဆိုပြီး ရတဲ့အချိန်မှာ ပုတီးအပတ် ၃၀ ပြည့်အောင်စိတ်တယ်'' လို့ ဆုပန်ထွာက ပြောပါတယ်။

 

ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်က သြဂုတ်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ကစလို့ သာသနာ့ဘောင်ကို ၇ ရက်ဝင်မှာ ဖြစ်ပါ တယ်။ သင်္ကန်း ၇ ရက်ဝတ်နေချိန်မှာလည်း သက်သတ်လွတ်စားရမှာဖြစ်ပြီး ဘုရား၊ တရား လုပ်လွန်းတဲ့ ဇနီးဖြစ်သူ ဆုပန်ထွာကလည်း ဝတ်နည်း သိက္ခာနဲ့ ညီအောင် ကြိုးစားပြီး နေထိုင် ဖို့ မှာထားတယ်လို့  ကိုဥက္ကာကျော်က ပြောပါတယ်။

'' သူ အသက်ကြီးသွားရင် မယ်သီလရှင်မဝတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။ နောက်တာပါ။ သူ ဘုရားတရားကိုင်းရှိုင်းလို့လည်း အစ်ကိုတို့ ဆိုးဆိုးရွားရွားကြီး မဖြစ်သွားဘဲနဲ့ကောင်းကောင်းမွန်မွန်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တယ်လို့ ထင်ပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ မနက်က ကိုဥက္ကာကျော်ရဲ့ မွေးနေ့ပွဲမှာ သရုပ်ဆောင် ဆုပန်ထွာနဲ့အတူ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

Roar Roar လေးရဲ့ ငယ်ငယ်ကပစ္စည်းတွေကို ပြန်လှူခဲ့တဲ့ ဆုပန်ထွာ

မွေးနေ့မှာ သင်္ကန်းဝတ်ခွင့်ရတဲ့အတွက်ရော၊ မတွေ့တာကြာပြီဖြစ်တဲ့ မိခင်ကလည်း လာရောက်ကုသိုလ်ပြုမှာဖြစ်တဲ့အတွက် အရမ်းကို ပျော် ရွှင်နေတယ်လို့ ကိုဥက္ကာကျော်က ပြောပါတယ်။ မွေးနေ့ အမှတ်တရအဖြစ် သာသနာ့ဘောင် ဝင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြခဲ့ပါတယ်။

'' ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေကလည်း ကိုယ်နဲ့အတူတူပါသွားမယ့် ကောင်းမှုကုသိုလ်၊ အကုသိုလ်တွေဖြစ်တဲ့အတွက်ကြောင့် ကုသိုလ် ဘက်ကို လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်စိတ်သဘောထားနဲ့ ကိုယ်လုပ်တာပါ။ သင်္ကန်းစည်းတဲ့အချိန်မှာလည်း ဝိနည်းနဲ့အညီ မှန်မှန် ကန်ကန် လုပ်သင့်တာတွေကို လုပ်သွားပါမယ်'' လို့ သူကဆိုပါတယ်။

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က