အခု မောင်ကောင်းပြည့်က ဒုတိယနှစ် ဆေးကျောင်း တက်နေတာပါ။

ဆုပန်ထွာတို့ဇနီးမောင်နှံက မောင်ကောင်းပြည့် ဆေးကျောင်းတက်ကတည်းက တာဝန်ယူကျောင်းထားပေးနေတာ ဖြစ်ပြီး ဆေးကျောင်းတက်ရမယ့် ၇ နှစ်လုံးလုံး တာဝန်ယူမှာ ဖြစ်ပါတယ်။ အေးဆေးလွန်းပြီး မပူဆာတတ်တဲ့ မကောင်းပြည့်ကြောင့် တာဝန်မကျေမှာ စိုးရိမ်မိကြောင်း ဆုပန်ထွာက ပြောပြခဲ့ပါတယ်။


 

၂၀၁၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆုပန်ထွာရဲ့ခင်ပွန်း ကိုဥက္ကာကျော်ရဲ့မွေးနေ့အလှူကို သူတို့ဆေးကျောင်းထားပေးတဲ့ မောင်ကောင်းပြည့်လည်း ရောက်ရှိလာခဲ့ပါတယ်။ မောင်ကောင်းပြည့်လေးကို စတင်ကျောင်းထားဖြစ်ခဲ့ပုံနဲ့ ဆုပန်ထွာတို့မိသားစုနဲ့ မောင်ကောင်းပြည့်ကြားက ဆက်ဆံရေးအကြောင်းကို ဆုပန်ထွာက ပြောပြခဲ့ပါတယ်။

"သူ့ကို ဖေ့စ်ဘွတ်ကနေ စပြီးတော့ သိတာပေါ့နော်။ အဲဒီတုန်းက Roar လေးက ကိုယ်ဝန် ၈ လ။ အဓိကကတော့ Roar လေးအတွက် ကိုယ်ဝန်ရှိစဉ်ကတည်းက ကုသိုလ်ကောင်းမှုလေး လုပ်ပေးချင်တာ။ ပညာရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကလေးအတွက်လည်း အထောက်အကူဖြစ်တယ်။ သူလည်းပျော်မယ်ဆိုပြီးတော့ မမတို့ သူ့ကို ကမ်းလှမ်းတာပေါ့နော်" လို့ ဆုပန်ထွာက ရှင်းပြခဲ့ပါတယ်။

 

မောင်ကောင်းပြည့်က ကျောင်းထားပေးချင်တဲ့သူတွေ အများကြီးထဲကမှ ဆုပန်ထွာတို့ရဲ့ကမ်းလှမ်းမှုကိုမှ လက်ခံခဲ့တာပါ။ မောင်ကောင်းပြည့် ဆေးကျောင်းမမီခဲ့ရင်တောင် ဘာကျောင်းတက်တက် ထားပေးဖို့ ဆုပန်ထွာတို့ဘက်က အစီအစဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"သူ့ကို သားသားကိုယ်ဝန်ကြီးနဲ့ မမတို့သွားတွေ့တုန်းက သားဆေးကျောင်းတက်ချင်တယ်တဲ့။ ဒါပေမဲ့ အမှတ်မမီရင် သားဘယ်လိုလုပ်ရမလဲ ပေါ့နော်။ သူရေကျောင်းသိပ္ပံဝါသနာပါတယ်တဲ့။ အဲလိုတက်ခွင့်ရလားပေါ့နော်။ ဆေးကျောင်းမမီလည်း မောင်လေးတက်ချင်တဲ့ကျောင်းကို မမတို့လင်မယားနှစ်ယောက်က ထားပေးမှာဆိုပြီး ပြောတော့ သူဝမ်းသာသွားတာပေါ့နော်" လို့ ဆုပန်ထွာက ပြောပြပါတယ်။

 

ဆေးကျောင်းသားလေး မောင်ကောင်းပြည့်က အနေအထိုင်ရိုးအေးပြီး မပူဆာတတ်တဲ့အတွက် လိုအပ်တာတွေကို ပြောဖို့ ခေါ်ပြီးတော့တောင် ပြောရပါတယ်တဲ့၊ မောင်ကောင်းပြည့်ကို သားလေး Roar ရဲ့မွေးစားအစ်ကိုလိုမျိုး စိတ်ထဲမှာ ထားတယ်လို့ ဆိုပါတယ်။ မောင်ကောင်းပြည့် ဆရာဝန်ကြီးဖြစ်တဲ့အထိ ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။

"မမပန်ပန်နဲ့ ကိုဥက္ကာ ကျောင်းထားပေးတာ မပြည့်စုံဘူးဆိုတာမျိုး မဖြစ်စေချင်ဘူးလို့၊ လိုအပ်တာမှန်သမျှ အားလုံး ပူဆာရမယ်။ ပူဆာခွင့်ရှိတယ်လို့ သူ့ကို ပြီးခဲ့တဲ့လက ခေါ်ပြီးပြောရတယ်" လို့ ပန်ပန်က ပြောပြတာပါ။

မပန်ကို ကို့ယ့်အပေါ်အရမ်းကောင်းတဲ့ အမကြီးတစ်ယောက်လို သဘောထားတယ်ဆိုတဲ့ မောင်ကောင်းပြည့်က "မပန်တို့ရည်မှန်းချက်အတိုင်း ကျွန်တော် ဆရာဝန်ဖြစ်အောင် ကြိုးစားပါ့မယ်" လို့ ကတိစကားဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က