မင်းသွေးအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ညမှာ သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက်ဆုံးပါးသွားတဲ့သတင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ရပါတယ်။ သရုပ်ဆောင် စည်ဖြိုးက ညီအစ်ကိုလို ခင်တဲ့ မင်းသွေးနဲ့ ပတ်သက်ပြီး တွေ့ကြုံခံစားရသမျှကို ပြောပြခဲ့ပါတယ်။

Photo : စည်ဖြိုး FB

 

သရုပ်ဆောင် မင်းသွေးတစ်ယောက် ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းကြားကြားချင်း နေအိမ်ကို သတင်းသွားမေး၊ ရင်ခွဲကိုလာကြည့်တဲ့ အနုပညာမောင်နှမတွေ များပြားလှပါတယ်။ မင်းသွေးရဲ့ရုပ်အလောင်း ထားရှိရာ သင်္ကန်းကျွန်း စံပြဆေးရုံရှိ ရင်ခွဲရုံကို အောက်တိုဘာလ ၄ ရက်နေ့မနက်မှာ လာရောက်ကြည့်ရှုတဲ့ စည်ဖြိုးက ညက ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တောက် လက်ဝှေ့ Training တွေရော၊ Gym တွေရော ကစားနေတာဆိုတော့ ညဆို စောစာအိပ်တာ။ ည ၁၁ နာရီမှာ အိပ်ပျော်သွားတယ်။ ကျွန်တော်က အိပ်လို့ရှိရင် ဗိုက်လှန်နေတတ်တယ်။ ကျွန်တော့်ကို ကုတ်ပြီးတော့ လာနှိုးတယ်။ ကျွန်တော်က ထင်တာ ခွေးတတ်တတ်တယ်။ ခါတိုင်း အောက်က တံခါး မပိတ်မိဘူးဆိုရင် ကျွန်တော့်အိမ်မှာ ခွေးက အပေါ်အထိ တက်လာတတ်တယ်။ ခွေးတက်ပြီလားမသိဘူးဆိုပြီး ဝုန်းဆို ထလိုက်တာ။ ခွေးလည်း မဟုတ်ဘူး။ အဲဒါနဲ့ တရေးနိုးတော့ အပေါ့သွားချင်တာနဲ့ ရေလေးဘာလေး သောက်ပြီးတော့ ဖုန်းလေးဖွင့်ပြီးတော့ ရေချိုးခန်းတံခါး ဖွင့်တုန်းပဲ ရှိသေးတယ်။ ဖုန်းထဲမှာ အဲသတင်းတွေ စတက်လာတယ်။ ကျွန်တော်လည်း တော်တော်လေး ယူကြုံးမရ ဖြစ်မိပါတယ်" လို့ စည်ဖြိုးက ရင်ခွဲရုံကိုလာကြည့်ရင်း မီဒီယာတွေကို ပြောခဲ့တာပါ။

Photo : စည်ဖြိုး FB

 

မင်းသွေး ရုတ်တရက်ဆုံးသွားတာနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာတော့ အားကစားအရမ်းလုပ်တဲ့သူတွေ ဒီလိုမျိုးဖြစ်တတ်ကြောင်း စည်ဖြိုးက ဖြေကြားခဲ့ပါတယ်။ အခုလို ဘာရောဂါဝေဒနာမှ မခံစားလိုက်ရဘဲ ဘဝကူးသွားတော တော်ရုံကုသိုလ်ထူးမဟုတ်ပါဘူးလို့လည်း သူက ဆိုပါတယ်။

"သူကတော့ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ဒီအသက်ဒီအရွယ်နဲ့ ဘာရောဂါ ဝေဒနာမှ မခံစားလိုက်ရဘဲနဲ့ တစ်ဖက်ကို ကူးသွားနိုင်တယ်ဆိုတာက ဒါက တော်ရုံတန်ရုံကုသိုလ်ထူးမဟုတ်ဘူးဗျ။ အသက် ၅၀ ကျော် တရားတွေ သိနေပြီးတော့ တရားဘာဝနာတွေ လုပ်နေပါတယ်ဆိုတဲ့ လူတွေတောင်မှ ရောဂါအပြင်းအထန်ခံစားရပြီးတော့ အကုသိုလ်စိတ်တွေနဲ့ အသက်ဆုံးကြရတာမျိုး အများကြီးပဲ။ ဒါ သူ့ရဲ့စာရဏအား ဘယ်လောက်ရှိလဲ သူ အသက်ရှင်နေတုန်းက ဘယ်လောက် ကောင်းတာတွေ လုပ်သွားလဲပေါ်မှာ အများကြီး မူတည်တယ်။ အရမ်းသက်သာတယ်။ သူ့ကိုယ်သူတောင် သိပါ့မလား မသိဘူး" လို့ စိတ်ဖြေသာမယ့်စကားလေးကို စည်ဖြိုးက ပြောခဲ့ပါတယ်။

သင်္ကန်းကျွန်း စံပြဆေးရုံရဲ့ ရင်ခွဲရုံကို ရောက်ရှိနေကြသူများ

 

ညီအစ်ကိုလို ခင်မင်ရတဲ့ မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်သွားဖို့ရှိတယ်လို့လည်း စည်ဖြိုးက ဆိုခဲ့ပါတယ်။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ရာက နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ တနင်္ဂနွေနေ့ကျရင် ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို့ မင်းသွေးရဲ့ဦးလေးတော်စပ်သူ ဦးမြင့်လွင်ရဲ့ ပြောစကားအရ သိရပါတယ်။

Share

Loading Next Article...
က္က