သူ့ကို မျှော်လင့်ချက်တွေ ထားထားတယ်။

အကယ်ဒမီချိုပြုံးက အခုဆိုရင် အသက် ၇၂ နှစ်အရွယ်ရှိပါပြီ။ သူ့ရဲ့ အနုပညာအမွေတွေကို သားသမီးတွေမှာလည်း မရရှိခဲ့ သလို မြေးတွေ ထဲမှာလည်း ဝင်းခန့်မိုး တစ်ယောက်ကိုသာ အနုပညာအမွေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြေးလေးအပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီချိုပြုံးက အခုဆိုရင် အသက် ၇၂ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။ သူ မသေခင်မှာ မြေးဖြစ်သူ ဝင်းခန့်မိုးကို အနုပညာအမွေတွေ ပေးခွင့်ရတဲ့အတွက်လည်း အရမ်းပျော်တယ်လို့ ဆိုပါတယ်။ မြေးလေး ဝင်းခန့်မိုးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

'' မေချိုအရမ်းပျော်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မေချို့အသက် ၇၂ နှစ်ရောက်လာတဲ့တိုင်အောင် သားသမီးကိုလည်း ဆွယ်တာမရဘူး၊ တူ တူမတွေကိုလည်း လုပ်ပေးတာမရဘူး မြေးတွေကလည်း စိတ်မဝင်စားကြဘူး။ ဒါပေမယ့် ဒီကလေးကတော့ ချိုချို တကယ် စိတ်ဝင်စားတယ်၊ ဖြစ်စေချင်တယ်ဆိုရင်တော့ သားလုပ်ပေးပါမယ်ဆိုတဲ့ ကတိလေးပေးတဲ့အတွက် သူ့ကို အားကိုးပါတယ်'' လို့ ဆိုပါတယ်။

 

ဝင်းခန့်မိုးကိုတော့ အကယ်ဒမီ ချိုပြုံးရဲ့ မြေးလေးဖြစ်တယ်ဆိုတာကို ၂၀၁၆- ၂၀၁၇ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲရဲ့ ရွှေကြို ရွေးချယ်ရေးကနေ တဆင့် သိရှိလာခဲ့တာဖြစ်ပါတယ်။ အနုပညာအမွေတွေ ပေးခွင့်ရမယ့် မြေးလေးအတွက် မျှော်လင့်ချက်တွေကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့က ဝင်းခန့်မိုးရဲ့ မွေးနေ့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဘဝအတွက် မျှော်လင့်ချက်ကလေးပေါ့နော်။ မျှော်လင့်ချက်ဆိုတာ မေချို့ရဲ့ မျိုးစက်ကို ထားပေးခဲ့နိုင်တယ်ပေါ့။ နို့မို့ဆိုရင် မေချိုက အသက် လည်းကြီးနေပြီ ပြောရမယ်ဆိုရင် ကြွေဖို့အချိန်က နီးနေပြီပေါ့နော်။ ကိုယ့်ရဲ့အနုပညာအမွေ ဘယ်သူ့ကိုပေးရမယ်ဆိုတာ စိတ်မကောင်းဘူး။ ဒါပေမယ့် အခုတော့ ကိုယ်ပေးခဲ့ရမယ်သူ ရှိပြီဖြစ်တဲ့အတွက် စိတ်ချမ်းသာရပါပြီ'' လို့ ဖြေဆိုခဲ့ပါတယ်။

အဘွားရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်အောင်ကြိုးစားမယ့် ဝင်းခန့်မိုး 

Photo: ဝင်းခန့်မိုး ဖေ့စ်ဘွတ်


အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ရဲ့ မြေးဖြစ်လို့လည်း သရုပ်ဆောင်ရတဲ့ အိုက်တင်အပိုင်းတွေကို မသင်ပေးဘူးလို့ အကယ်ဒမီချိုပြုံး က ပြောပါတယ်။ ကိုယ်ပိုင် အမူအရာ ကိုယ်ပိုင်ဟန်ပန် နဲ့ပဲ တစ်မူထူးခြားအောင် အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။

'' မေချိုကတော့ အိုက်တင်တွေနဲ့ ပတ်သက်ပြီး မသင်ပေးပါဘူး။ ဒါကတော့ သူနဲ့ရိုက်မယ့် ဒါရိုက်တာတွေ သင်ပေးပါလိမ့်မယ်။ မေချိုတို့တုန်း က ဆို သူများအိုက်တင်လုပ်တာကိုကြည့်ပြီး သူ့လို လိုက်လုပ်မယ်လို့ မလုပ်ခဲ့ဘူး။ တစ်မူထူးခြားအောင် ကိုယ့်အမူအရာ ကိုယ့်ဟန်ပန်လေးနဲ့ ပဲ လုပ်ပါတယ်။ သူ့ကိုလည်း သူ့ရဲ့ အမူအရာဟန်ပန်လေးနဲ့ပဲ လုပ်စေချင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ဝင်းခန့်မိုး ဖေ့စ်ဘွတ်


သရုပ်ဆောင် အကယ်ဒမီချိုပြုံးဟာ အသက် ၇၂ နှစ်အရွယ်အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပါတယ်။ အခုချိန်ထိလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ။ သူ့ရဲ့ မြေးလေး ဝင်းခန့်မိုး ကတော့ အခုလက်ရှိမှာ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး တစ်ယောက် ဖြစ်လို့နေပါပြီ။


 

Share

Loading Next Article...
က္က