AD
AD
AD
play

 

မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ မိန်းကလေးပရိသတ်အင်အားအများကြီးရှိတဲ့ Project K အဖွဲ့ဟာ ဒီနေ့ ဒီအချိန်ထိတစ်ညီတစ်ညွှတ်တည်း ရပ်တည်နိုင်တာဟာ ရည်မှန်းချက်ပန်းတိုင်တွေ တူကြလို့ပါတဲ့။ အားလုံးကလည်း တကယ့်ညီအစ်ကိုတွေလိုဖြစ်နေကြတယ်ဆိုတဲ့ သူတို့ရဲ့ အကြောင်း ကို Project K အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထက်ဘုန်းနိုင်က Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း တူတယ်၊ အားလုံးကလည်းတကယ့် ညီအစ်ကိုတွေလိုလည်း ဖြစ်နေပြီ ကိုယ်တွေဖြစ်ချင်တဲ့ အရာက တစ်သားတည်း တစ်ထပ်တည်းဖြစ်တဲ့အတွက် တစ်ယောက်က ဒါလုပ်မယ်ဆိုရင် အကုန်လုံးက ဟုတ်ပြီ လုပ်ကြမယ် ဆိုပြီးတော့ တစ်သားတည်းအမြဲတမ်းဖြစ်နေတာတွေကြောင့်လည်း ပါမယ်ထင်တယ်'' လို့ ထက်ဘုန်းနိုင်က ပြောပါတယ်။

play

 

Project K အဖွဲ့ဟာ အောင်မြင်မှုတွေလည်းရှိသလို ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိတာကြောင့် ဝေဖန်သူတွေကိုယ်တိုင်ကလည်း အားပေးသူတွေဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဆိုပါသေးတယ်။

'' ဝေဖန်တာကတော့ အမျိုးမျိုးပါပဲ၊ တချို့တွေလည်း ကျွန်တော်တို့ကို ကြိုက်တဲ့လူတွေရှိတယ်၊ တချို့တွေလည်း ဒီလို ဝေဖန်ပြီးတော့ ပြောဆိုကြတဲ့သူတွေရှိတယ်။  ဒါပေမယ့် ကျွန်တော်တို့ကို အားပေးတဲ့သူတွေအတွက် ဆက်ပြီးတော့ အားပေးလို့ရအောင် ကျွန်တော်တို့ ကြိုးစားသွားမယ်၊ ဝေဖန်တာတွေကလည်း ကျွန်တော်တို့မှာ အပြစ်ရှိလို့ပဲလေ အဲ့ဒါလေးတွေကို ဖြေးဖြေးချင်းပြင်ပြီးတော့မှဝေဖန်တဲ့သူတွေပါ အားပေးလာအောင်ကြိုးစားသွားမယ်'' လို့ ဆိုပါတယ်။

play

 

အနုပညာအလုပ်တွေစလုပ်ကတည်းကနေ အခုချိန်ထိ Project K အဖွဲ့သားတွေအကုန်လုံးက မိဘဆီက လက်ဖြန့်တောင်းခဲ့ကြတာ မဟုတ်ဘူးတဲ့။ ရလာတဲ့ အနုပညာကြေးတွေထဲက လုံလောက်တဲ့ ငွေပမာဏကို အညီအမျှခွဲပြီး ကျန်တာကို  စုဆောင်းတတ်ကြတယ်လို့ ထက်ဘုန်းနိုင်က ပြောပါတယ်။

'' ကျွန်တော်တို့ Project K အဖွဲ့ စလုပ်လာတဲ့အချိန်ကနေ အခုချိန်အထိ မိဘတွေဆီက လက်ဖြန့်တောင်းခဲ့ကြတာလည်း မဟုတ်ဘူး၊ ကိုယ့်ဘာသာ ပိုက်ဆံစုတယ်၊ ပရိသတ်တွေကိုလည်း ကျွန်တော်တို့ရဲ့ အနုပညာအသစ်တွေ ချပြချင်တယ်။ ရသမျှပိုက်ဆံတွေကို အများကြီးမခွဲဝေကြဘူး၊ ကိုယ်သုံးတာ လုံလောက်တဲ့ အတိုင်းအတာလောက်အထိပဲ ခွဲတယ်။ ကျန်တာအများကြီးစုတယ်၊ စုလို့ ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ကျွန်တော်တို့တွေ ဆက်လုပ်မယ့် အနုပညာအတွက်ကို ရင်းကြတယ်။ များသောအားဖြင့် ကျွန်တော်တို့အဖွဲ့က ပိုက်ဆံကို အများကြီးမခွဲကြဘူး ပိုက်ဆံအရမ်းစုတယ်။ ''လို့ ဆိုပါတယ်။

play

 

Project K အဖွဲ့ဟာ၂၀၁၆ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်တဲ့ K- POP COVER DANCE နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြိုင်ပွဲပြိုင်ဖို့အတွက်ကိုလည်း Project K ဆိုပြီးတော့ ယာယီ နာမည်ပေးခဲ့ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ အဲ့ဒီနောက် K- POP COVER DANCE နိုင်ငံတကာပြိုင်ပွဲမှာလည်း ဒုတိယဆုအဖြစ် ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အချိန်မှာတော့ မထင်မှတ်လောက်အောင်များပြားလှတဲ့ ပရိသတ်တွေရဲ့ ကြိုဆိုခြင်းကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် Project K အဖွဲ့ကို ပရိသတ်တွေကလည်း ဆက်လက်တည်ရှိနေစေချင်ကြသလို ကုမ္မဏီတွေ ကလည်း Project K အဖွဲ့နဲ့ လက်တွဲအလုပ်လုပ်ချင်နေကြတာကြောင့် ဒီနေ့ ဒီအချိန်ထိ Project K အဖွဲ့ ရပ်တည်နေတာ ပါလို့ ထက်ဘုန်းနိုင် က Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့တာပါ။

Postby

 

Photo- ထက်ဘုန်းနိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD