ဘယ်ဇာတ်ဝင်ခန်းလေးကို အကြိုက်ဆုံးလဲ။
 

ငါ့ကို နမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအထိမ်းအမှတ် ညစာစားပွဲကို တက်ရောက်လာတဲ့ အဆိုတော်လွှမ်းပိုင်ရဲ့ ပရိသတ် တွေကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာဆိုရင် နေညိုသွင်အဖြစ် သရုပ်ဆောင်ထားတဲ့ လွှမ်းပိုင်တစ်ယောက် ကားပါကင်ထဲမှာ ငိုနေရတဲ့ ဇာတ်ဝင်ခန်းကို အကြိုက်ဆုံးပဲလို့ ပြောလာကြပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ရှိခဲ့တဲ့ အကြောင်းကိုလည်း လွှမ်းပိုင်က မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကားပါကင်မှာ ငိုခဲ့တဲ့ ဇာတ်ဝင်ခန်းက အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ အဲ့ဒီဟာမတိုင်ခင် အရှေ့မှာ ငိုရတဲ့ အခန်းတွေလည်း အများကြီးရှိခဲ့တယ်။ ငိုရတဲ့ နေရာလေးတွေမှာ ဒရာမာရဲ့ ဖီလင်လေးတွေ ပိုပြီးတော့ ခံစားရလာတယ်။ အရှေ့က ဇာတ်ဝင်ခန်းတွေမှာ ငိုခဲ့ ပြီးတဲ့နောက် ကားပါကင်ထဲမှာ ငိုရမယ့် ဇာတ်ဝင်ခန်းကျတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိသွားတယ်လို့ ထင်တယ်။ ပြီးတော့ စိတ်တည်ငြိမ် အောင်လုပ်ပြီးမှ ရိုက်ရင် ပိုကောင်းမယ်ဆိုတာ သိသွားတော့ ကျွန်တော့် ဇာတ်ဝင်ခန်းတွေ မလာခင် ဘုရားစာတွေရွတ်၊ စိတ်တည်ငြိမ်အောင် လုပ်ပြီးမှ ရိုက်ဖြစ်တာဆိုတော့ အမှတ်တရလေးကတော့ အဲ့ဒီအရာလေးတွေပေါ့'' လို့ သူကဆိုပါတယ်။

င့ါကိုနမ်းတဲ့မုန်တိုင်း အတွက် ရင်ခုန်နေတဲ့ လွှမ်းပိုင် 

လွှမ်းပိုင်ဟာ ''ငါ့ကိုနမ်းတဲ့မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ နေညိုသွင်ရဲ့ ကာရိုက်တာအပေါ် သဘာဝကျကျ နဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချီးကျူးတာကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေချိန်မှာလည်း ပရိသတ်တွေဆီက အကြံပြုစကားလေးတွေ ပြန်ကြားရတယ်လို့ ဆိုပါတယ်။

'' ဒီလို အသိအမှတ်ပြုခံရတာ ကျေနပ်ပါတယ်။ တချို့ကလည်း Perfect လိုချင်တာမျိုးတွေရှိတယ်။ ဒီဇာတ်ကားထဲမှာ လိုအပ်ချက်တွေ များတာကိုလည်း သိပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း အများကြီးလိုအပ်ချက်တွေ ရှိတယ်၊ သူတို့ ဝေဖန်ကြတာလေးတွေကလည်း ပြင်ဆင်စရာ ပြင်တယ်။ ကိုယ်မမြင်လိုက်တဲ့ အမှားလေးတွေကို သူတို့ပြောလာတဲ့အခါ ပြင်ဖြစ်တယ်။ တချို့ အရာလေးတွေကျတော့လည်း ကိုယ်ကိုယ်တိုင်မြင်တယ်၊ သူတို့လည်း မြင်တယ်ပေါ့'' လို့ ဇွန်လ ၂၈ ရက်နေ့က ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင် ဇာတ်ကားကြီး အောင်မြင်မှု အမှတ်တရ ညစာစားပွဲကို တက်ရောက်ရင်း မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ငါ့ကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်ဟာ နေညိုသွင်ဆိုတဲ့ စာရေးဆရာ၊ ကျောင်းဆရာ တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ငါ့ကို နမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးကို သိန်း ၁၅၀၀ အကုန်ကျခံ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁ ရက်နေ့ ကတည်းက ရုံတင်ပြသခဲ့တာပါ။

Share

Loading Next Article...
က္က