ဇင်မာဦးက ခင်ပွန်းကိုယ်စား ပြောပြပေးထားတာပါ။

အမှုမှန်ပေါ်ပေါက်လို့ သွားခဲ့ပေမယ့်လည်း သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ မီဒီယာတွေနဲ့ ပရိသတ်တွေရှေ့ကို ထွက်မလာသေးပါဘူး။ သူ့အနေနဲ့ ကိစ္စတွေ အားလုံး ရှင်းသွားတဲ့ တစ်နေ့ကျရင် ပရိသတ်တွေကော မီဒီယာသမားတွေကော သိချင်တဲ့ သူတွေကိုပါ သူကိုယ်တိုင် ရှင်းလင်းသွားမှာပါလို့ ဆိုပါတယ်။

Photo : သီဟတင်စိုး FB

 

မုဒိမ်းမှုနဲ့ စွပ်စွဲခံရပြီးနောက် တိမ်းရှောင်နေတဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ လိမ်လည်စွပ်စွဲခံရကြောင်း အမှုမှန်ပေါ်သွားပြီဖြစ် ပေမဲ့ အခုထိ မီဒီယာနဲ့ ပရိသတ်ရှေ့ကို ထွက်ရှိမလာသေးပါဘူး။ သူ့ရဲ့အခက်အခဲတွေကို ဇနီးဖြစ်သူ ဇင်မာဦးကနေတစ်ဆင့် အမှာစကားပါး လိုက်တာဖြစ်ပါတယ်။

"အခုလက်ရှိ ကိုသီဟ အခြေအနေကောင်းပါတယ်။ဒါပေမယ့် ကိုသီဟကိုယ်စား ကျွန်မအနေနဲ့ ပြောချင်တာ ကိစ္စတွေ အားလုံး ပြီးသွားလို့ ရှင်းလင်းတဲ့တစ်နေ့ကျရင် သူ့ရဲ့ ပရိသတ်တွေကော မီဒီယာသမားတွေကော သိချင်တဲ့သူတွေကော သူကိုယ်တိုင် ရှင်းလင်းသွားမှာပါ။ အဲ့အတွက်ကြောင့်မို့ ကျွန်မကို သူမေတ္တာရပ်ခံခိုင်းပါတယ်။ သူရှောင်နေတာ မဟုတ်ပါဘူး။ သူအရမ်းတွေ့ချင်နေပါတယ်။သူမှာ ကိစ္စရပ်တွေ က မပြီးပြတ်သေးတဲ့အတွက်ကြောင့် သူတောင်းပန်ပါတယ်တဲ့" ဆိုပြီး ဇင်မာဦးက Pissaya News ကို ဖြေဆိုထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ဇင်မာဦးရဲ့အင်တာဗျူးဗီဒီယိုဖိုင်ကို Pissaya Media Facebook စာမျက်နှာမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက တင်ထားတာကို တွေ့ရပါတယ်။

ဇူလိုင်(၁၈) ရက်နေ့က ညနေပိုင်းက သီဟတင်စိုး အိမ်ရှေ့မှာ စောင့်ဆိုင်းနေကြတဲ့ မီဒီယာသမားများ

 

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄  ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သီဟတင်စိုးက ယင်းဖြစ်ရပ်ဖြစ်ပွားပြီးကတည်းက တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ သီဟတင်စိုး တိုင်ကြားခံ ရကတည်းက ပရိသတ်တွေက သီဟတင်စိုးအနေနဲ့ ယင်းပြစ်မှုကို ကျူးလွန်တယ်လို့ ယုံကြည်မှု မရှိခဲ့ပါဘူး။

ယင်းအမှုက လုပ်ကြံတိုင်တန်းတာ ဖြစ်တယ်လို့ ဇူလိုင်လ ၁၈ ရက်  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ သီဟတင်စိုးရဲ့ အမှုမှန်ပေါ်ပေါက်သွားချိန်မှာ ပရိသတ်တွေကော မီဒီယာသမားများကပါ သီဟတင်စိုးကို မြင်တွေ့ရဖို့ စောင့်မျှော် နေခဲ့ကြတာဖြစ်ပါတယ်။

 

ယခုလိုမျိုး အမှုမှန်ပေါ်ပေါက်သွားတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ လူမင်းက သူ့ရဲ့ ခံစားချက်ကို Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

"အဲ့ဒီအဖြေကိုပဲ သိချင်တာပါ။ ရဲလုပ်ထုံးလုပ်နည်းအရ နှောင့်နှေးကြန့်ကြာနေမှာကို စိုးရိမ်တာ။ ကိုသီဟအနေနဲ့ ဒီလိုမျိုး ရှောင်ပြီးတော့ လုပ်စရာရှိတာလုပ်နေတုန်းမှာ ဒီလိုအမှုမှန် ပေါ်သွားတော့ နှစ်ဖက်လုံးအတွက်တော့ ကောင်းသွားတာပေ့ါ။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်လေ သက်ဆိုင်တဲ့ ကာယံကံရှင် မိသားစုမှာတော့ သိက္ခာပိုင်းဆိုင်ရာက ထိခိုက်နစ်နာမှု အများကြီး ဖြစ်သွားခဲ့ရတယ် "လို့ သူက ဆိုပါတယ်။

 

သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို သားမယားအဖြစ် ပြုကျင့်ကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံထားရတာ ဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။

Photo : သီဟတင်စိုး FB

 

အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်း နှိမ်နင်း ရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့သလို ပြည်သူတွေဖြစ်ကြတဲ့ သီဟတင်စိုးရဲ့ ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းက အမှုမှန်ပေါ်ပေါက်ဖို့အရေး ကူညီခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ လိမ်လည်တိုင်တန်းခဲ့သူ ဒေါ်ခင်မာမြင့်ကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က