Entertainment: Facebook မှာမလုပ်သင့်တဲ့ အချက် ၇ ချက်

နည်းပညာနဲ့သတင်းအချက်အလက်ခေတ်လို့ခေါ်တဲ့ ယနေ့ခေတ်အချိန် လူသားတိုင်းရဲ့ ဘဝထဲမှာ နည်းပညာက တစ်စိတ်တပိုင်းနေရာ ယူထားပါတယ်။ နည်းပညာဟာ မရှိမဖြစ်အရာ ဖြစ်လာခဲ့ပါပြီ။ နည်းပညာနဲ့အတူ အရိပ်လိုက်ပါလာခဲ့တဲ့ လူသားတွေ တရှိုက်မက်မက် အသုံးပြုနေတဲ့ လူမှုကွန်ယက် မီဒီယာတွေဖြစ်ပါတယ်။

ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့အတိုင်း လူမှုကွန်ယက်ဟာလည်း အကောင်းအဆိုး ဒွန်တွဲလျှက်ရှိပါတယ်။ သင်ဟာ လူမှုကွန်ယက်(အထူးသဖြင့်မြန်မာပြည်တွင် facebook ) ကို တစိုက်မက်မက် အသုံးပြုသူဖြစ်မယ်ဆိုရင် အောက်မှာဖော်ပြမယ့်အချက်တွေကို ဖတ်ရှုထားသင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။ facebook ပေါ်မှာ သင်ကိုယ်တိုင် သေသေချာချာ သတိမထားမိပဲ ပြုလုပ်နေကျ အမူအကျင့်တွေရှိပါလိမ့်မယ်။ အဲဒီထဲက တစ်ချို့ဟာ လူမှုကွန်ယက်ပေါ်မှာ မလုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့….

play

 

၁။ ခံစားကြေကွဲလွယ်ခြင်း

လူမှုကွန်ယက်တွေပေါ်လာပြီးတဲ့နောက် တစ်ခုခု ဝမ်းနည်းစရာ၊ ဝမ်းသာစရာ ရှိပြီဆို လူတွေက facebook ပေါ်မှာ တန်းရေးတက်ကြပါတယ်။ ဒါဟာမကောင်းပါဘူး။ အထူးသဖြင့် ဝမ်းစရာကိစ္စရပ်တိုင်းကို facebook မှာဝေမျှနေမယ်ဆိုရင် ကြာတဲ့အခါ သင့်ကို စိတ်ပျက်လာကြပါလိမ့်မယ်။

၂။ တွေ့သမျှ မယုံပါနဲ့

Facebook ဆိုတာ ဘယ်သူမဆို သုံးစွဲလို့ရနိုင်တဲ့ လူမှုကွန်ယက်ကြီးတစ်ခုဖြစ်ပါတယ်။ facebook မှာယုံကြည်လို့ရတဲ့ မီဒီယာသတင်းဌာနတွေလည်းရှိသလို အတုအယောင်တွေလည်း ပေါများလှပါတယ်။ ယနေ့ခေတ်မှာ facebook,twitter စတဲ့နေရာတွေဟာ သတင်းရင်းမြစ်စတင်းစီးဆင်းတဲ့ နေရာတွေ ဖြစ်လာကြပါတယ်။ ဒါပေမယ့် သင်ဖတ်သမျှကိုတော့ သင်ယုံလို့မရပါဘူး။ ချင့်ချင့်ချိန်ချိန် သုခမိန်နည်းနဲ့ တွေးစပြီး ယုံကြည်ရမှာဖြစ်ပါတယ်။

၃။ သင့်ရဲ့အချက်အလက်အချို့ကို ထိန်ချန်ထားပါ

Facebook မှာ profile ကိုဖြည့်တဲ့အခါ သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို ဖြည့်ပေးရပါတယ်။ အဲဒီအခါ ဖုန်းနံပတ်၊ အိမ်လိပ်စာ၊ တက်ခဲ့တဲ့ကျောင်းကစလို့ သင်အလုပ်လုပ်နေတဲ့နေရာ၊ သင့်ရဲ့ပတ်သက်ဆက်နွယ်မှု၊ အမည်ပြောင် စတာတွေကို ဖြည့်ခိုင်းထားပါတယ်။ သင်အကုန်ဖြည့်စရာ မလိုပါဘူး။ အခြားသူတွေကို မသိစေချင်တဲ့ အချက်အလက်တွေမှန်သမျှ ထိန်ချန်ထားခဲ့တာအကောင်းဆုံးပါ။ အိမ်လိပ်စာ အတိအကျမဖြစ်လေ ကောင်းလေပါပဲ။ လူမှုကွန်ယက်မှာရှိတဲ့ လူပေါင်းများစွာက သင့်ရဲ့ ပရိုဖိုင်ကတဆင့် အိမ်လိပ်စာ၊ မွေးရပ်မြေစတာတွေကို အလွယ်ကူသိသွားနိုင်တာ မကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

၎။ တည်နေရာပြသခြင်း

တစ်ချို့က ဘယ်သွားသွား၊ ဘာလုပ်လုပ် ရောက်တဲ့နေရာကို location နဲ့ပြတက်ကြပါတယ်။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဘယ်ဆိုင်မှာ ဘာစားနေတယ်ဆိုတာမျိုးတင်တာ ဘာမှမဖြစ်ပေမယ့် ရောက်သမျှ နေရာတိုင်း တင်လို့မသင့်တော်ပါဘူး။ သင့်ရဲ့လုံခြုံရေးအရ location  မပြသင့်တဲ့နေရာတွေကို မပြတာ အကောင်းဆုံးပါပဲ။

၅။ ကလေးပုံများ တင်ခြင်း၊ tag တွဲခြင်း

ယနေ့ခေတ် မိဘအများစုလည်း facebook သုံးလေ့ရှိတယ်။ ကလေးငယ်များပုံတွေကို အမြဲတစေတင်တာဟာ ကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ သင်က ကလေးငယ်ရဲ့ ကိုယ်လုံးတီးချစ်စဖွယ်ပုံကို ဒီနေ့တင်လိုက်ပေမယ့် နောင်တချိန် သင့်ရဲ့ကလေးငယ်ကြီးလာတဲ့အခါ အဲဒီလိုပုံမျိုးတွေ သူကြိုက်ချင်မှ ကြိုက်မှာပါ။ ကလေးငယ်ကို ကသိကအောက်ဖြစ်စေမယ့် ပုံစံမျိုးတွေ၊ အဝတ်စားမျိုးတွေ ဝတ်ပေးပြီး facebook မှာပုံတင်နေတာလည်း မသင့်တော်ပါဘူး။

၆။ အလုပ်ကို မဝေဖန်နဲ့

တစ်ချို့က အလုပ်မှာ အဆင်မပြေကြောင်း၊ ဘာကိုမကျေနပ်ကြောင်း facebook မှာ status တင်လေ့ရှိပါတယ်။ ဒါဟာ မကောင်းပါဘူး။ သင့်ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒါကိုကြိုက်မှာမဟုတ်ပါဘူး။ အလုပ်နဲ့ပတ်သတ်သမျှဟာ အတွင်းရေးဆန်တဲ့အတွက် လူမှုကွန်ယက်မှာ မတင်တာ အကောင်းဆုံးဖြစ်ပါတယ်။

၇။ အကောင်းမြင်စိတ်ရှိပါ

မြင်မြင်သမျှ အကြောင်းအရာတွေကို အကောင်းမမြင်တဲ့စိတ်နဲ့သာအမြဲတမ်း ပြောနေမယ်ဆိုရင် သင့်ကို လူကြိုက်မများစေမှာ သေချာပါတယ်။ တစ်ခါတစ်လေမှာ သင့်ကိုယ်သင်တောင် သတိမထားမိပဲ ဒါမျိုးတွေ လုပ်မိနေတက်ပါတယ်။ အကောင်းမြင်စိတ်ထားတာဟာ သင့်ကိုလူမှုကွန်ယက်ပေါ်မှာသာမက အပြင်မှာလည်း အကျိုးဖြစ်ထွန်းစေမှာပါ။ ဒါကြောင့် အကြောင်းအရာတစ်ခုခုကို သင်မကြိုက်ဘူးဆိုရင်တောင် အကောင်းမမြင်တဲ့ status မျိုးတွေ ခဏခဏမတင်မိပါစေနဲ့လို့ အကြံပြုပါရစေ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ