ဘောလိဝုဒ်မင်းသမီးချောဟာ အိန္ဒိယမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Condé Nast Traveller မျက်နှာဖုံးမှာ သူမ ဝတ်ဆင်ခဲ့တဲ့ တီရှပ်ဟာ စာနာစိတ်ကင်းမဲ့သလို ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်စကား ပြောကြားခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ် မယ်ကမ္ဘာဟောင်းဟာ အောက်တိုဘာလထုတ်မဂ္ဂဇင်း မျက်နှာဖုံးမှာ "ဒုက္ခသည်"၊ "ရွှေ့ပြောင်းလာသူ" နဲ့ "အပြင်လူ" ဆိုတဲ့ စကားလုံးတွေကို အနီရောင်မျဉ်းနဲ့ ဖျက်ထားပြီး "ခရီးသည်" ဆိုတဲ့ စကားလုံးတစ်လုံးကိုသာ ချန်ထားတဲ့ စာသားတွေ ပါဝင်တဲ့ တီရှပ်အဖြူကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
Condé Nast Traveller မဂ္ဂဇင်းက ယင်းဓာတ်ပုံကို တွစ်တာမှာ တင်ခဲ့ပြီးတဲ့နောက် ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး ပရီယန်ကာဟာ ဒုက္ခသည်တွေရဲ့ အခက်အခဲကို သေးသိမ်အောင် ပြုလုပ်ပြီး သူတို့ကို မူရင်းနိုင်ငံပြန်ဖို့ ဖိအားပေးနေတာဖြစ်ကြောင်း စွပ်စွဲကြပါတယ်။
Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာတိက္ကမအကြီးဆုံး ၁၀၀ ဦးစာရင်းမှာ ပါဝင်ပြီး ယူနီဆက်ဖ်ရဲ့ သံတမန်လည်းဖြစ်တဲ့ ပရီယန်ကာချော်ပရာဟာ ယင်းကိစ္စက နားလည်မှုလွဲခြင်းဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။
"သူတို့က ဒီတီရှပ်ကို ထုတ်ပြီး ကျွန်မကို ဝတ်ခိုင်းခဲ့တာပါ။ ဒါဟာ အခုပြဿနာကြီးတစ်ခုဖြစ်နေတဲ့ သူစိမ်းကြောက်ရွံ့မှုကို ဖော်ပြတာဖြစ်တယ်လို့ သူတို့က ပြောပါတယ်" လို့ ပရီယန်ကာက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
"ဒါကြောင့် ကျွန်မဝတ်မိတာပါ။ ခံစားချက်တွေကို ထိခိုက်စေခဲ့တယ်ဆိုရင် ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်။ တကယ်တော့ မဂ္ဂဇင်းက ကျွန်မကို ကောင်းမွန်တဲ့အရာတစ်ခုကို လုပ်စေချင်ခဲ့တာပါ" လို့ သူမက ပြောကြားခဲ့ပါတယ်။
Source & Photos : Life