ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီးချော ဂျနီဖာလောရင့်စ်ဟာ ရုပ်ရှင်ဇာတ်ကားတွေရိုက်နေရတာကို စိတ်ကုန်လာပုံရပါတယ်။ အခုလက်ရှိအနုပညာအလုပ်တွေကို ရပ်နားပြီး လယ်အလုပ်၊ ယာအလုပ်ပဲလုပ်ချင်ပါတော့တယ်တဲ့။
Elle Magazine ကို 'ကျွန်မရုပ်ရှင်ဆက်မရိုက်ချင်တော့ဘူး။ လယ်ယာအပိုင်လေးဝယ်ပြီး လယ်အလုပ်ပဲလုပ်ချင်တော့တယ်။ ဆိတ်လေးတွေမွေးပြီး ဆိတ်နို့ထုတ်ရတာ၊ ဆိတ်ကျောင်းရတာပဲဖြစ်ဖြစ်ပေါ့' လို့ သူမကပြောကြားခဲ့တာပါ။
နောက်ပိုင်းမှာ သရုပ်ဆောင်လုပ်ရတာထက် အများအကျိုးနဲ့ လူမှုဘ၀နဲ့ပိုပတ်သက်ဆက်နွယ်ပြီး အကျိုးရှိမယ့်အလုပ်တွေကို ပိုလုပ်လာတာတွေ့ရတဲ့ ဂျနီဖာဟာ အနုပညာလောကမှာ အောင်မြင်မှုအကြီးကြီးမရရင်လည်း ဘာမှမဖြစ်ဘူးလို့ ဆိုခဲ့ပါသေးတယ်။ သာမန်လူမှုဘ၀ပုံစံကိုလည်း ပိုနှစ်သက်သူမို့ သရုပ်ဆောင်အလုပ်ကို သိပ်စိတ်မပါတော့တာလည်း ဖြစ်ပုံရပါတယ်။
၂၀၁၀ - Winter's Bone ရုပ်ရှင်ဇာတ်ကားကနေစတင်ပြီး အောင်မြင်မှုတွေရရှိလာခဲ့တဲ့သူမဟာ The Hunger Game, X-Men ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း အောင်မြင်မှုတွေပိုတိုးလာအောင် ကြိုးစားနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂၀၁၈ မှာရုံတင်ပြသမယ့် X-Men: Dark Phoenix ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရသေးတယ်လို့လည်း ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂျေလော်ဟာ မကြာသေးမီက ထွက်ရှိထားတဲ့ သူမရဲ့ Mother ရုပ်ရှင်ကား ဒါရိုက်တာ ဒါရန်အာရွန်နော့ဖ်စကီနဲ့ ချစ်သူတွေဖြစ်ပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့အပတ်ကပဲ လမ်းခွဲလိုက်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရန်နဲ့ သူမကြားမှာ အသက်အရွယ်ကွာခြားလွန်းမှုက လမ်းခွဲဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်လို့လည်း သိရပါတယ်။