ဖန်ဘင်းဘင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လူမြင်ကွင်းမှ ပျောက်နေခဲ့ပါတယ်။

နာမည်ကြီး တရုတ်မင်းသမီး ဖန်ဘင်းဘင်းကို အခွန်တိမ်းရှောင်မှုဖြင့် ယွမ်ငွေ ၅၉၆ သန်းကျော် (အမေရိကန်ဒေါ်လာ ၈၆.၇ သန်း) ဒဏ်ရိုက်လိုက်ပါတယ်။ ဒါ့အပြင် ပေးသွင်းရန်ပျက်ကွက်ခဲ့တဲ့ အခွန်ငွေ ယွမ် ၂၈၈ သန်းကိုလည်း ပြန်လည်ပေးသွင်းရန် ညွှန်ကြားလိုက်ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ယနေ့ (အောက်တိုဘာ ၃ ရက်) ဖော်ပြပါတယ်။

Photo: Reuters



ကျီအန်စုဒေသဆိုင်ရာ အခွန်ဌာနက ယခု အမိန့်ညွန်ကြားချက်ကို မင်းသမီးဖန်ဘင်းဘင်းထံ တနင်္ဂနွေနေ့ (စက်တင်ဘာ ၃၀ ရက်) က ပေးပို့ခဲ့ကြောင်းလည်း ဆင်ဟွာကပြောပါတယ်။

နာမည်ကြီးမင်းသမီ ဖန်ဘင်းဘင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လူမြင်ကွင်းမှ ပျောက်နေခဲ့ပြီး ထိုစဉ်ကတည်းက ရုပ်ရှင်နယ်ပယ်မှ အခွန်တိမ်းရှောင်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးခံရသူတွေအနက် သူမလည်း ပါဝင်နေခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

Photo: AFP



မင်းသမီးဖန်ဘင်းဘင်းကို ဒဏ်ရိုက်ခဲ့တဲ့ငွေနဲ့ ပြန်ပေးသွင်းရန် သတ်မှတ်ခဲ့တဲ့ အခွန်ငွေ စုစုပေါင်း ယွမ်ငွေ ၈၈၄ သန်း (အမေရိကန်ဒေါ်လာ ၁၂၉ သန်း) ကို အချိန်မီပေးဆောင်ပါက သူမအနေနဲ့ ရာဇဝတ်ပြစ်မှုအရ စွဲချက်တင်ခံရမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဖန်ဘင်းဘင်းဟာ တရုတ်နိုင်ငံမှာ သရုပ်ကြေးအမြင့်ဆုံးရရှိနေတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ ဖန်ဘင်းဘင်းက သူမရဲ့ Weibo အကောင်မှတစ်ဆင့် "ကျွန်မ မကြုံခဲ့ဖူးတဲ့ ဝမ်းနည်းမှုမျိုး ခံစားနေရပါတယ်၊ ကျွန်မရဲ့လုပ်ရပ်အတွက် အရမ်းရှက်မိပါတယ်၊ ဒီနေရာကနေ ကျွန်မ အာလုံးကိုတောင်ပန်းပါတယ်" လို့ ပြောခဲ့ပါတယ်။

Photo: Reuters



မင်းသမီးဖန်ဘင်းဘင်းရဲ့ အေးဂျင်းဖြစ်သူကိုလည်း နောက်ထပ် စုံစမ်စစ်ဆေးမှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်အချို့ဟာ အခွန်ငွေလျော့နည်းစေရန် 'yin-yang စာချုပ်များ' ခေါ် အမှန်တစ်ကယ် သရုပ်ဆောင်ကြေးကို ဖော်ပြထားတဲ့ စာချုပ်တစ်ခုနဲ့ လျော့နည်းဖော်ပြထားတဲ့ စာချုပ်တစ်ခုတို့ဖြင့် ချုပ်ဆိုကြပါတယ်။

ထို့နောက် သရုပ်ဆောင်ကြေး လျော့နည်းဖော်ပြထားတဲ့ စာချုပ်စာတမ်းကို အခွန်ဌာနသို့ တင်သွင်းခြင်းဖြင့် အခွန်ငွေလျော့နည်းသက်သာအောင် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

Photo: Reuters



မင်းသမီးဖန်ဘင်းဘင်းရဲ့ စတူဒီယိုကတော့ ဖန်ဘင်းဘင်းဟာ 'yin-yang' စာချုပ်များဖြင့် လက်မှတ်ရေးထိုး အလုပ်လုပ်ခဲ့ခြင်းမရှိကြောင်း ယခင်က ပြောထားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဖန်ဘင်းဘင်းဟာ တရုတ်ဇာတ်ကားများအပြင် ဟောလိဝုဒ်မှ X-Men နဲ့ Iron Man ကဲ့သို့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဖန်ဘင်းဘင်းဟာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယမန်နှစ်က Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး အောင်မြင်ကျော်ကြားတဲ့ တရုတ်အနုပညာရှင်စာရင်းမှာလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃ သန်း (ယွမ်ငွေ သန်း ၃၀၀ ဝန်းကျင်) ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က