AD
AD
AD

အရေးပေါ် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ နာမည်ကြီး ဟောလိဝုဒ် အက်ရှင်မင်းသားကြီး အာနိုးရှဝါဇင်ဂါရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၃၀ ရက်မှာ ပြောပါတယ်။ မင်းသားကြီးအာနိုးက ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိပြန်ရလာစဉ် 'ငါပြန်လာပြီ' လို့ ပထဆုံးစကား စတင်ပြောခဲ့တယ်လို့ ဆိုပါတယ်။

play
ဟောလိဝုဒ် အက်ရှင်မင်းသားကြီး အာနိုးရှဝါဇင်ဂါ


အသက် ၇၀ နှစ်အရွယ် အာနိုးဟာ နှလုံးအဆို့ရှင် အစားထိုးရန်အတွက် ကြာသပတေးနေ့ (မတ်လ ၂၉ ရက်) က လော့စ်အိန်ဂျလိစ်ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ကတ်ချယ်လ်က ပြောပါတယ်။

မင်းသားကြီးအာနိုးက ၎င်းရဲ့ ရုပ်ရှင်အများအပြားမှာ ပြောခဲ့ဖူးတဲ့ 'ငါပြန်လာခဲ့မယ်' (I'll be back) ဆိုတဲ့ စကားလုံးဟာ ပရိသတ်များကြား ရေပန်းစားခဲ့ပြီး လိုက်လံပြောဆိုခဲ့ကြဖူးပါတယ်။

play
Terminator ဇာတ်ကားမှ အာနိုး


လော့စ်အိန်ဂျလိစ်မြို့ရှိ Cedars-Sinai Medical Cente မှ ဆရာဝန်တွေက Terminator နဲ့ Predator စတား မင်းသားကြီးအာနိုးရဲ့ နှလုံးကို အရေးပေါ်ခွဲစိတ်ကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုဟာ နာရီအနည်းငယ် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။ အာနိုးဟာ ၁၉၉၇ ခုနှစ်ကလည်း မက္ကစီကိုမှာ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုဖြင့် နှလုံးအဆို့ရှင် အစားထိုးထားခဲ့ပါတယ်။

"၁၉၉၇ ခုနှစ်မှာ အစားထိုးလဲလှယ်ထားတဲ့ နှလုံးအဆို့ရှင်က အမြဲတမ်းအတွက် မဟုတ်ခဲ့ပါဘူး၊ အဲဒီတုန်းက အစားထိုးထားခဲ့တဲ့ နှလုံးအဆို့ရှင်သက်တမ်းက ကျော်လွန်နေပါပြီ၊ ဒါကြောင့် အာနိုးက နောက်ထပ် နှလုံးအဆို့ရှင်တစ်ခုနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ အာနိုးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

play
အာနိုးနှင့် ဇနီးဖြစ်သူ ရှရီဗာ


အာနိုးက ၁၉၉၇ ခုနှစ်မှာ နှလုံးခွဲစိတ်ကုသခဲ့ရမှုကို ဇနီးဖြစ်သူ ရှရီဗာအား အသိမပေးခဲ့ကြောင်း ၎င်းရဲ့ Total Recall: My Unbelievably True Life Story စာအုပ်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ထိုစဉ်က မက္ကစီကိုမှာ အပန်းဖြေအနားယူနေတယ်လို့သာ ဇနီးဖြစ်သူကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်တဲ့ မင်းသားကြီးအာနိုးဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၃၈ ဦးမြောက် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ သြစတြေးလျမှာ မွေးဖွားခဲ့တဲ့ အာနိုးဟာ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Conan the Barbarian ဇာတ်ကားနဲ့အတူ ရုပ်ရှင်နယ်ပယ်မှာ လူသိများလာခဲ့ပါတယ်။

play
Conan the Barbarian ဇာတ်ကားမှ အာနိုး


ထို့နောက် ၁၉၈၄ ခုနှစ်မှာတော့ သိပ္ပံဆန်းကြယ်ဇာတ်ကား The Terminator မှာ ခေါင်းဆောင်မင်းသာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများရကာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Terminator 2: Judgment Day (1991), Terminator 3: Rise of the Machines (2003), and Terminator Genisys (2015) ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဒါ့အပြင် အာနိုးဟာ Commando, The Running Man, Predator, Twins, Total Recall, Kindergarten Cop, နဲ့ True Lies ကဲ့သို့ အောင်မြင်တဲ့ဇာတ်ကား အများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD