AD
AD
AD

တောင်ကိုရီးယား K-pop အဆိုတော်တွေက မြောက်ကိုရီးယားနိုင်ငံကို မတ်လ ၃၁ ရက်မှာ သွားရောက်ကြမယ်လို့ တောင်ကိုရီးယားအစိုးရက ယနေ့ (မတ်လ ၂၀ ရက်) အတည်ပြု ပြောကြားပါတယ်။

တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြုံချမ်းဆောင်းရာသီအိုလံပစ်ပွဲသို့ မြောက်ကိုရီးယား သီဆိုဖျော်ဖြေရေးအဖွဲ့ စေလွှတ်ခဲ့မှုအရ အပြန်အလှန်အနေနဲ့ K-pop အဆိုတော်တွေကို မြောက်ကိုရီးယားသို့ စေလွှတ်ကာ ဂီတဖျော်ဖြေပွဲ ပြုလုပ်စေခဲ့တာလည်း ဖြစ်ပါတယ်။

play
အမျိုးသမီး K-pop အဖွဲ့ Red Velvet


K-pop အဆိုတော်တွေ အပါအဝင် လူဦးရေ ၁၆၀ ခန့်ပါဝင်တဲ့ ဖျော်ဖြေရေးအဖွဲ့ဟာ မြောက်ကိုရီးယား မတ်လ ၃၁ ရက်မှ ဧပြီလ ၃ ရက်အထိ သွားရောက်ကြမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသမီး K-pop အဆိုတော်အဖွဲ့ Red Velvet နဲ့ တောင်ကိုရီးယား ဂီတနယ်ပယ်မှ ထင်ရှားတဲ့ Cho Yon-pil နဲ့ Lee Sun-hee တို့လည်း မြောက်ကိုရီးယားကို သွားရောက်ကြမယ့်အဖွဲ့မှာ ပါဝင်ကြောင်း သိရပါတယ်။

တောင်ကိုရီးယား အဆိုတော်အဖွဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ Panmumjom ကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play
တောင်ကိုရီးယား ပေါ့ပ်အဆိုတော် Cho Yon-pil


K-pop အဆိုတော်တွေ ပါဝင်တဲ့ တောင်ကိုရီးယားအဖွဲ့က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ သီဆိုဖျော်ဖြေပွဲနှစ်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ East Pyongyang Grand ကဇာတ်ရုံမှာ သီဆိုဖျော်ဖြေပွဲတစ်ပွဲနဲ့ Ryukyung Chung Ju Yung အားကစားရုံမှာတစ်ပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

K-pop အဆိုတော်တွေရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယား တာဝန်ရှိသူတွေက မြေက်ကိုရီးယားကို မတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက်မှာဖြစ်ပြီး သီဆိုဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ့်နေရာတွေနဲ့ အဆိုတော်တွေ တည်းခိုနေထိုင်နိုင်တဲ့ နေရာတွေမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play
ပြုံယမ်းမြို့ရှိ East Pyongyang Grand ကဇာတ်


ယခုအစီအစဉ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် လိုလားကြောင်း နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးတိုးတက်လာမှုတွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းနဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ကင်မ်ယောင်ချိုလ်တို့ အပါအဝင် မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

play
ကင်မ်ဂျုံအန်က တောင်ကိုရီးယား သံတမန်အဖွဲ့ကို တွေ့ဆုံစဉ်


မြောက်ကိုရီးယားက ဆောင်းရာသီအိုလံပစ်သို့ အားကစားသများနဲ့ ဖျော်ဖြေရေးအဖွဲ့တွေကိုလည်း စေလွှတ်ခဲ့ပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲအပြီးမှာ တောင်ကိုရီးယားသံတမန်အဖွဲ့တစ်ဖွဲ့ကလည်း မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တောင်ကိုရီးယားသံတမန်အဖွဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ သဘောတူညီခဲ့ကြကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတထရန့်ကို တောင်ကိုရီးယား သံတမန်အဖွဲ့မှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် အံ့အားသင့်ဖွယ် ဖိတ်ကြားခဲ့ရာ သမ္မတထရန့်ကလည်း လက်ခံသွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ -

- အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တွေ့ဆုံမည်

- တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD