Local Celebrity: သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာကို ရွေးချယ်ခွင့်မရှိသေးဘူးလို့ ရင်ဖွင့်တဲ့ ခင်ဝင့်ဝါ

ဒါရိုက်တာပေးတဲ့ ဇာတ်ရုပ်ကိုပဲ သရုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။

ဗီလိန် ဇာတ်ရုပ်ပဲ ဖြစ်ဖြစ်၊ ချစ်စရာကောင်းတဲ့ ကောင်မလေးဇာတ်ရုပ်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်က အားပေးတာဖြစ်တဲ့ အတွက် ဘယ်လို ဇာတ်ရုပ်မဆို ကြိုးစားပြီးတော့ သရုပ်ဆောင်ချင်ပါတယ်လို့ ခင်ဝင့်ဝါက ဆိုကာ ခက်ခက်ခဲခဲသရုပ်ဆောင်ခဲ့ရတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

play

 

" သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်လို့ ကိုယ်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာကို ရွေးချယ်ခွင့်မရှိသေးဘူး၊ ဒါရိုက်တာပေးတဲ့ဇာတ်ရုပ်ကိုပဲ ကြိုးစားပြီးသရုပ်ဆောင်ရတယ်" လို့လည်း ခင်ဝင့်ဝါက ဒီနေ့ သမ္မတရုံမှာပြုလုပ်တဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်ရင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

ချိုမြိန်သောလက်စားချေခြင်းရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ကောင်နဲ့ပတ်သက်လို့ “ဒီဇာတ်ကားထဲက Candy ဆိုတဲ့ မိန်းကလေးက သဘောထားလည်း ကြီးတယ်၊ အချစ်အတွက်ပေးဆပ်လွန်းအားကြီးတယ်လို့ မြင်တယ်။ အပြင်မှာလည်း ဒီလို ပုံစံမျိုးရှိတော့ရှိလိမ့်မယ် ရှားတယ်လို့ထင်တယ်” လို့ ဆိုပါတယ်။

ဒါရိုက်တာမီးပွားနဲ့ ဇာတ်ကားရိုက်ရတာ တာဝန်ကြီးသလို ဆရာမလွန်းထားထားရဲ့ဝတ္ထုကို သရုပ်ဆောင်ရတာလည်း တာဝန်ကြီးပြီးတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် အချိန်လည်း ပေးခဲ့ရသလို ဆံပင်တွေဆိုရင်လည်း ကာရိုက်တာနဲ့လိုက်ဖက်အောင် ဆေးဆိုးထားရပါတယ်။ ရိုက်ကွင်းပေါ်က အမှတ်တရအနေနဲ့ကတော့ ငိုရတဲ့ အခန်းတွေမှာ ပိုပင်ပန်းပြီး မျက်ရည်ကျရမယ့် ဇာတ်ဝင်ခန်းတွေဆိုရင် မျက်သားခြောက်ပြီး မျက်ရည်မကျတဲ့အခန်းတွေရှိတယ်၊ တခြားအားနည်းချက်တွေရှိတယ်လို့လည်း ဆိုပါတယ်။ ဇာတ်လမ်းလေးက ပေးချင်တဲ့ 'ရသ'လေးကတော့ လူငယ်တွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထ ရှိနိုင်တဲ့အတွက် ကြိုက်ကြမှာပါ လို့ ခင်ဝင့်ဝါက ပြောပါတယ်။

play

 

အချစ်ဇာတ်လမ်းတွေကိုပဲ ရိုက်ချင်တာမဟုတ်တဲ့အတွက် ကိုယ့်အတွက်လည်း လုပ်ကွက်ရမယ် ပရိသတ်လည်း ကြိုက်မယ်ဆိုတဲ့ဇာတ်ရုပ်မျိုးတွေကို သရုပ်ဆောင်မယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

စာရေးဆရာမ လွန်းထားထားရဲ့ ၀တ္ထုကို သရုပ်ဆောင်ရတဲ့ ခံစားချက်ကတော့ “ဆရာမရဲ့ ၀တ္ထုတွေကရုပ်ရှင်မရိုက်ရင်တောင် ပေါက်နေတယ်။ ဆရာမရဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်ရတဲ့အခါမှာ ကိုယ့်အတွက်လည်း တာဝန်ကြီးပါတယ်။ အံဝင်ဂွင်ကျ ဖြစ်မဖြစ်ဆိုတာကိုလည်း ရင်ခုန်ပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်၊ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၉) ရက်နေ့မှ စပြီး မြန်မာနိုင်ငံရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမှာ ဖြစ်ပါတယ်။

Photos : ခင်ဝင့်ဝါဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ