AD
AD
AD
play

 

နာမည်ကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်အေးက ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ည ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီဆု တစ်ဆုလောက်တော့ ဝင်စေချင်ခဲ့ပေမဲ့ ဆန်ခါတင်စာရင်းတောင် ပါမလာတဲ့အတွက် စိတ်မကောင်းဖြစ်ကာ အားပေးစကားဆိုရင်း တခြားသူတွေကိုလည်း အားပေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

" ဒါရိုက်တာ ထူးပိုင်ဇော်ဦး နဲ့ ပါစင်နယ် လုံးဝ မရင်းနှီးပါ..အပြင်ပွဲတွေမှာ မျက်နှာချင်းဆိုင်တွေ့မိလို့ သူ့ " ည " ကားကို ချီးကျူးရင်း မိတ်ဆက်စကားပြောဖူးတာမျိုးအပါအဝင် ၃ ခါပဲ မိနစ်ပိုင်းလေး ဆုံဖူးပါတယ်....သူ့ရဲ့ " ည " ကားကို လူပြောများလို့ သွားကြည့်ဖူးခဲ့ပြီး သေသေချာချာ စေတနာရှိရှိ သပ်သပ်ရပ်ရပ် ကြိုးစားရိုက်ကူးထားတာကိုတွေ့မြင်ခံစားခဲ့ရလို့ အကယ်ဒမီပွဲမှာ ဆုလေးတဆုလောက်တော့ ရစေချင်မိခဲ့ပါတယ်... လက်တွေ့မှာတော့ ဆန်ကာတင်စာရင်းထဲမှာတောင် တနေရာမှ ပါဝင်လာခြင်း မရှိခဲ့ပါ...." လို့ ကိုမောင်မောင်အေးက ဒီနေ့ (မတ်လ ၂၅ ရက်) နေ့မှာ ဖေ့စ်ဘွတ်ကနေ ရေးသားခဲ့ပါတယ်။

play

 

ယင်းဇာတ်ကားမှာ ကြိုးစားမှုနဲ့ စေတနာကို မြင်တွေ့ရတဲ့အတွက် နောက်ထပ် ဒီလိုဇာတ်ကားမျိုးတွေ ဆက်လက်ရိုက်ကူးလိုစိတ်ရှိအောင် အစီအစဉ်လေးတစ်ခုကိုလည်း ကိုမောင်မောင်အေးက စီစဉ်လိုက်ပါတယ်။

"ဒီလိုကြိုးစားမှုစေတနာအတိုင်းသားမြင်တွေ့နေရတဲ့ကားမျိုးတွေဆက်လက်ရိုက်ကူးချင်စိတ်တွေအမြဲရှိနေအောင် သူ့ရဲ့စိတ်ခွန်အားတွေ လျော့ကျမသွားအောင် ကျွန်တော်တို့တွေ တတ်နိုင်တဲ့ဘက်က စကားလေးတခွန်းလောက်စီနဲ့ အားပေးကြစို့လားဗျာ....သူ့ လာကြည့်ဖြစ်မိရင် တနေရာတည်း အားပေးစကားတွေ စုစုစည်းစည်းနဲ့တွေ့စေ သိစေချင်တဲ့ ရည်ရွယ်ချက်ပါ... ဒီပို့စ်အောက်မှာ နိုင်ငံကြီးသားပီသစွာ ဘယ်သူ့ကိုမှ စောင်းမြောင်းပုတ်ခတ်တာမပါဘဲ ဒါရိုက်တာထူးပိုင်ဇော်ဦး နဲ့တကွ " ည " ရုပ်ရှင်ကားဖန်တီးခဲ့သူတွေအားလုံးကို အားပေးစကားလုံးလေးတွေ ကျေးဇူးပြုပြီးချန်ထားပေးခဲ့ကြဖို့ ချစ်ခင်စွာနဲ့ မန့်အလှူခံလိုက်ပါရစေ....... စစ်မှန်သော အရည်အသွေးပြည့်ဝတဲ့ အနုပညာကောင်း ဖန်တီးချင်တဲ့သူတွေများမှ ကိုယ့်တိုင်းပြည် တခြားသူအထင်သေးခံရခြင်း ကင်းမယ် ဆိုတာ သေသေချာချာကြီးယုံကြည်လျက်.........." လို့ ရေးသားထားတာကိုလည်း တွေ့မြင်ရပါတယ်။

play

 

'ည' ရုပ်ရှင်ကားအတွက် ပရိသတ်ပေးတဲ့ဆုဆိုပြီး ပေးဖို့ စီစဉ်နေတဲ့သူတွေ ရှိနေတယ်လို့လည်းသိရပြီး အဲဒီအတွက် လိုအပ်တာရှိလည်း သေချာ ပံ့ပိုးကူညီပေးပါ့မယ်လို့လည်း ကိုမောင်မောင်အေးက ပြောထားပါတယ်။

စာရေးဆရာမ "ဂျူး" ရဲ့ "လရဲ့အောက်ဘက်မိုင်အဝေးမှာ" ဝတ္ထုကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက "ည" အမည်နဲ့ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်သစ်များသာ အသုံးပြုသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ခမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနဲ့ မြတ်နိုးအေးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အကယ်ဒမီပေးပွဲပြီးနောက် အကယ်ဒမီဆုချီးမြှင့်မှုများနဲ့  ပတ်သက်ပြီး အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ နှစ်စဉ် အကယ်ဒမီပေးပွဲပြီးတိုင်း မကျေနပ်ချက်တွေနဲ့ ဂယက်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD