Movie & Music: စက်တင်ဘာလမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင် (၁၀) ကား

စက်တင်ဘာလမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။

ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် စက်တင်ဘာလမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၁၀) ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကို စက်တင်ဘာလအတွင်း ကမ္ဘာတစ်ဝန်းမှာ စတင်ပြသသွားမှာပါ။

Sausage Party

  play


ကလေးကြိုက် အန်နီမေးရှင်း ဟာသဇာတ်ကားလို့ ထင်ရပေမဲ့ အရွယ်ရောက်ပြီးသူတွေအတွက်လို့ ဒီဇာတ်ကားကို ဖန်တီးသူတွေက ဆိုထားတာပါ။ စူပါမတ်ကက်အတွင်းက ဟော့ဒေါ့စားစရာနဲ့ အခြား စူပါမတ်ကက်ထုတ်ကုန်တွေရဲ့ ဇာတ်လမ်းကို ကောင်းမွန်တဲ့ အန်နီမေးရှင်း ဇာတ်ကားအဖြစ် ဖန်တီးထားပါတယ်။

Columbia Pictures က ထုတ်လုပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်နဲ့ အိုင်ယာလန်မှာ စက်တင်ဘာ ၂ ရက်၊ နယ်သာလန်နဲ့ ရုရှားတို့မှာ စက်တင်ဘာ ၈ ရက်မှ စတင် ပြသသွားမှာ ဖြစ်ပါတယ်။

The Light Between Oceans

play


၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ သြစတြေးလျ စစ်ပွဲနောက်ခံ ဒရာမာ ဇာတ်ကားဖြစ်ပါတယ်။ ၁၉၂၀ ပြည့်လွန် ပထမကမ္ဘာစစ်ကာလအတွင်း ဇနီးမောင်နှံစုံတွဲရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်တင်ဆက်ထားပါတယ်။ ကနေဒါနဲ့ အမေရိကန်မှာ စက်တင်ဘာ ၂ ရက်၊ အာဂျင်တီးနား၊ ဆာဘီးယားနဲ့ ဂျာမနီတို့မှာ စက်တင်ဘာ ၈ ရက် ရုံတင်မှာပါ။

The Lovers and The Despot

play


ဖြစ်ရပ်မှန်ကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး ယခုနှစ် အစောပိုင်းက Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။ တောင်ကိုရီးယား ရုပ်ရှင်စတား မင်းသမီးချို့အင်ဟီးနဲ့ ခင်ပွန်းဖြစ်သူတို့ကို ကင်မ်ဂျုံအီလ်ရဲ့ အေးဂျင့်တွေက ပြန်ပေးဆွဲသွားခဲ့ပြီး မြောက်ကိုရီးယား ရုပ်ရှင်လုပ်ငန်း အောင်မြင်တိုးတက်အောင် ဆောင်ရွက်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်မှာ စက်တင်ဘာ ၂၃ ရက်၊ ဂျပန်နိုင်ငံမှာ စက်တင်ဘာ ၂၄ ရက်မှာ စတင် ပြသသွားမှာ ဖြစ်ပါတယ်။

Things to Come

play


ပြင်သစ် ဒရမာဇာတ်ကားကောင်း ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ပြသပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ သက်လတ်ပိုင်းအရွယ် ဒဿနိကဗေဒ ပညာရှင်အမျိုးသမီးတစ်ဦးရဲ့ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားပါတယ်။ ဗြိတိန်နဲ့ အိုင်ယာလန်မှာ စက်တင်ဘာ ၂ ရက်၊ စပိန်မှာ စက်တင်ဘာ ၂၃ ရက် ရုံတင်သွားမှာ ဖြစ်ပါတယ်။

Bridget Jones’s Baby

play


ဗြိတိသျှ အချစ်ဟာသ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရန်နီဇဲလ်ဝီဂါ၊ ကောလင်းဖာ့သ်နဲ့ ပက်ထရစ်ဒမ့်ပ်ဆေးတို့ရဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာပါ။ အသက် ၄၀ အရွယ်မှာ လမ်းခွဲခဲ့ပြီးနောက် တစ်ကိုယ်တည်း ပြန်ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ဟာသနှောပုံဖော်ထားတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ စင်ကာပူ၊ ဆာဘီးယားနဲ့ ပေါ်တူဂီမှာ စက်တင်ဘာ ၁၅ ရက်၊ ဘရာဇီး၊ အီတလီနဲ့ ထိုင်းမှာ စက်တင်ဘာ ၂၂ ရက် ရုံတင်သွားမှာပါ။

Sully

play


၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က လေယာဉ်မှူး ချက်စလေ ဆူလီ ဆူလင်ဘာဂါဟာ အမေရိကန်လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၅၄၉ ကို မောင်းနှင်ပျံသန်းခဲ့ပြီး မကြာမီမှာပင် လေယာဉ်အင်ဂျင်နှစ်ခုလုံး အလုပ်မလုပ်တော့တဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

အရေးပေါ် ဆင်းသက်နိုင်တဲ့ လေဆိပ်တစ်ခုနဲ့မျှ ဆက်သွယ်မရ ဖြစ်ခဲ့ပြီးနောက် လေယာဉ်မှူးဆူလီက လေယာဉ်ကို ဟော့ဆန်မြစ်ထဲမှာ ဆင်းသက်ခဲ့ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၅၅ ဦးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီ အဖြစ်အပျက်နဲ့ လေယာဉ်မှူးဆူလီရဲ့ အတ္ထုပတ္ထိကို မင်းသားကြီး ကလင့်အိစ်ဝုဒ်က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး

လေယာဉ်မှူးဆူလီအဖြစ် သရုပ်ဆောင်တဲ့ နာမည်ကြီးမင်းသား တွမ်ဟန့်ခ်ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကို မြင်တွေ့ရမှာပါ။ ဒိန်းမတ်၊ ဟန်ဂေရီနဲ့ အစ္စရေးမှာ စက်တင်ဘာ ၈ ရက်၊ ဖင်လန်နဲ့ အမေရိကန်မှာ စက်တင်ဘာ ၉ ရက် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Miss Peregrine’s Home for Peculiar Children

play


ထူးခြားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်တဲ့ ကလေးတွေနဲ့ ပုန်းအောင်နေတဲ့ ရန်သူတွေ ရှိနေကြတဲ့ ကျွန်းတစ်ကျွန်းပေါ်က နေရာတစ်ခုကို ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ရာက ကြုံတွေ့ရမှုတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဝါရင့်နာမည်ကြီးတွေဖြစ်တဲ့ မင်းသမီးအီဗာရင်း၊ မင်းသားကြီး ဆမ်မြူရယ်ဂျက်ဆင်၊ မင်းသမီးကြီး ဂျူဒီဒင့်ခ်ျတို့က အားဖြည့်ပါဝင်ထားပါတယ်။ ဒိန်းမတ်၊ ဟောင်ကောင်နဲ့ ကမ္ဘောဒီးယားမှာ စက်တင်ဘာ ၂၉ ရက်၊ စပိန်၊ အမေရိကန်နဲ့ ဆွီဒင်မှာ စက်တင်ဘာ ၃၀ ရက် စတင်ပြသမှာပါ။

Queen of Katwe

play


၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ တင်မ်ခရိုသာစ်ရဲ့ အတ္တုပတ္တိ အားကစားဒရာမာ ဇာတ်လမ်းဖြစ်ပါတယ်။ ယူဂန္ဓာနိုင်ငံကို ဇာတ်အိမ်တည်ပြီး စစ်တုရင်ချန်ပီယံ ဖြစ်လာခဲ့တဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းကို ပုံဖော်ထားပါတယ်။ ဘရာဇီးနဲ့ အမေရိကန်မှာ စက်တင်ဘာ ၂၃ ရက် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Blair Witch

play


ကောလိပ်ကျောင်းသားတွေ ကြုံတွေ့ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားအုပ်စုက မာရီလန်းရှိ အမည်းရောင်တောင်တန်း သွားရောက်ခဲ့ရာမှ ထိတ်လန့်စရာ ထူးဆန်းတဲ့ အဖြစ်တွေ ကြုံတွေ့ခဲ့ရတာကို ပုံဖော်ရိုက်ကူးထားပါတယ်။ ကနေဒါ၊ နော်ဝေးနဲ့ အမေရိကန်မှာ စက်တင်ဘာ ၁၆ ရက် ရုံတင်ပြသမှာပါ။

The Beatles: Eight Days a Week – The Touring Years

play


ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းပရိသတ်တွေ စောင့်ကြည့်ရမယ့် မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၆၆ ခုနှစ်အတွင်း Beatles အဖွဲ့ရဲ့ လှည့်လည်ဖျော်ဖြေမှု ဂီတခရီးစဉ်တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ကြည့်ရှုရမှာပါ။ ဂျာမနီ၊ ပြင်သစ်နဲ့ သြစတြေးလျမှာ စက်တင်ဘာ ၁၅ ရက်၊ ဂျပန်မှာ စက်တင်ဘာ ၂၂ ရက် စတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ