ဗုဒ္ဓဘာသာဝင်တွေအတွက် ပညာပေးကားလေးပါပဲ။
 

ဥပါဒါန် ရုပ်ရှင်က ချစ်ကြိုက်ကွဲညား ဇာတ်လမ်းမျိုးတွေထဲက ကွဲထွက်ပြီး ဗုဒ္ဓဘာသာဝင်တွေ စောင့်ထိန်းအပ်တဲ့၊ ဂရုပြုသင့်တဲ့ အရာတစ်ခုကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဘာသာရေးဇာတ်ကားတစ်ကားဖြစ်လို့ ဖန်တီးသူ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေအတွက်ပါ တာဝန်ကြီးတဲ့အတွက် သေချာပြင်ဆင်ခဲ့ရပုံတွေကို သရုပ်ဆောင်တွေက ပြောပြခဲ့ပါတယ်။

ဥပါဒါန်ဇာတ်ကားထဲမှာ အကောင်းဆုံးကြိုးစားခဲ့တဲ့ နန်းဆုဦး

သရုပ်ဆောင် နန်းဆုဦးက ရဟန်းတစ်ပါးကို သဒ္ဓါလွန်ခဲ့မိပြီး မပြုသင့်မပြုအပ်တာတွေ ပြုခဲ့မိတဲ့ ဒါယိကာမလေးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇာတ်ရဲ့အဓိကကျတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမှာဖြစ်လို့ ဒီဇာတ်ကားမရိုက်ခင်မှာ စိတ်တည်ငြိမ်အောင် တရားထိုင်ခဲ့တယ်လို့ နန်းဆုဦးက ပြောပြခဲ့ပါတယ်။

''ညီမတို့ ဗုဒ္ဓဘာသာအနေနဲ့ ဒီဘာသာရေးနဲ့ ပတ်သက်တာကို ညီမဘက်က တက်နိုင်သလောက် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ တာဝန်လည်းကြီးတယ်၊ ဇာတ်ကားမရိုက်ခင် ၂ လလောက်အလိုမှာ ညီမတို့ လေ့ကျင့်ရတယ်။ ဇာတ်ကားထဲမှာ အိုက်တင်က အရမ်းပိုသွားရင်လည်းမကောင်းဘူးလေ နည်းနည်းတော့တာဝန်ကြီးတယ်'' လို့လည်း ဆိုပါတယ်။

 

သရုပ်ဆောင်သစ်လေး ခိုင်ထူးသာက ဥပါဒါန်ဇာတ်ကားထဲမှာ ဥူးဇင်းလေး ဝဏ္ဏသီရိအဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ အစအလယ်အဆုံး ရဟန်းတစ်ပါးအဖြစ်နဲ့သာ ပါဝင်ထားပြီး ဇာတ်ကားရိုက်နေရင်းမှာပဲ သာသနာ့ဘောင်ကို ၂၇ ရက်ဝင်ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ ပါသေးတယ်။

'' ဒီဇာတ်ကားထဲမှာ ဥူးဇင်းလေး ဝဏ္ဏသီရိ ဆိုတဲ့နေရာပေါ့ ဇာတ်လမ်းရဲ့ အစအလယ်အဆုံး ရဟန်းတစ်ပါးနေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ပါဖို့အတွက် ကိုယ်ရင်ဝတ်မလားလို့မေးတော့ ဓာတ်ပုံရှိလားအရင်မေးတယ်၊ ဥူးဇင်းဝတ်နိုင်လားမေးတယ်၊ ပြီးတော့ ဒီဇာတ်လမ်းကိုပြောပြတယ်၊ အိမ်ကမိသားစုကလည်း ကြိုက်ကြတယ်၊ အဲ့ဒါနဲ့ ဘာဖြစ်ဖြစ်ရိုက်မယ် ဆိုပေမယ့် ဥူးဇင်းဝတ်ပြီးသွားလို့ သူကြိုက်မှ ရိုက်မယ်လို့ပြောပြီး ဥူးဇင်း ၂၇ ရက်ဝတ်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ စိတ်ကိုစမ်းသပ်တယ်ပေါ့လေ အဲ့ဒီမှာ ကျွန်တော့်ရဲ့ စိတ်ကိုကြိုက်လို့ ရိုက်ဖြစ်သွားတာပါ'' လို့ ဆိုပါတယ်။

 

ဒါရိုက်တာဗန်းကြီးက ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတဲ့အချိန်မှာလည်း ရေနဂါး၊ ကုန်းနဂါးတွေကအစ အကုန်လုံးကို ဝင်ပူးပြီး ပွဲတောင်းတာ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒီဇာတ်ကားရိုက်နေတဲ့ တစ်လျှောက်လုံး နဂါးတွေက စောင့်ရှောက်နေတယ်ဆိုတာကို သိခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

''ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတော့လည်း စပူးလာတာ အဲ့ဒီတုန်းကလည်း နဂါးဆိုတာ သိတော့သိတာပေါ့နော်၊ အဲ့ဒီကနေ ဇာတ်လမ်း ရိုက်ဖို့ဖြစ်လာခဲ့တယ်။ ဇာတ်ကားကန်တော့ပွဲပေးတုန်းကလည်းဖြစ်တယ်၊ ဇာတ်ကားရိုက်နေတဲ့အချိန်မှာလည်းဖြစ်တယ်။ အဲ့ဒီမှာ ရေနဂါးတွေရော၊ ကုန်းနဂါးတွေရော၊ အကုန်လုံးပဲ ပွဲတွေတောင်းကြတာ တစ်ခါကြုံဖူးတယ် လှိမ့်နေတာပဲ ပူးကြတာ ယောကျ်ားတွေ ကိုပါ ပူးတာ၊ အဲ့ဒီလို ဖြစ်ခဲ့ဖူးတယ်။ ဒီဇာတ်ကားအတွက် သူတို့တွေစောင့်ရှောက်တယ်ဆိုတာ ကျွန်တော်သိသွားပြီလေ ဇာတ်ကား ပြီးသွားလို့ ရုံရက်ရတော့ သူတို့အတွက် အဓိဌာန်တွေဝင်ပြီးတော့ အမျှအတမ်းတွေ သွားဝေပြီး မယ်တော့်ကို ဝင်ကန်တော့်တဲ့ အချိန် မှာလည်း ဝင်ပူးတယ်'' လို့ ဆိုပါတယ်။

 

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးကို ဇေယျာရွှေပြည်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဗန်းကြီးက ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၁၈  ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ချိုပြုံး၊ ငြိမ်းချမ်း၊ မျိုးမျိုးခိုင် နဲ့ မေပိုင်စိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 

Photo: ဥပါဒါန်ဖေ့စ်ဘွတ်ပေ့ချ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က