ဘရစ်တနေပရိသတ်တွေ ကံကောင်းတဲ့နေ့လို့ဆိုရမှာပါ။ ဒီကနေမနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ သူမရဲ့ န၀မမြောက်အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Make Me သီချင်းကို YouTube မှာတင်ပေးခဲ့တာဖြစ်ပါတယ်။
ဒီသီချင်းလေးက သီချင်းဗီဒီယိုမထွက်ခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေခဲ့တဲ့သီချင်းလေးဖြစ်ပြီး အခုသီချင်းဗီဒီယိုထွက်ရှိလာချိန်မှာတော့ လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ခပ်ဟော့ဟော့ပုံစံနဲ့ ဘရစ်တနေကို ပရိသတ်တွေပြန်မြင်တွေ့ခွင့်ရခဲ့ပါတယ်။
မိန်းကလေးသူငယ်ချင်းတစ်သိုက်နဲ့ အော်ဟစ်ပျော်ရွှင်စွာစကားပြောနေတာတွေ၊ အဆိုတော်ရွေးချယ်ဖို့ ရပ်စောင့်နေကြတဲ့ အမိုက်စားကောင်လေးတွေကြားမှာ ခြေလှမ်းရင်းဝင်သွားတာတွေ၊ တစ်ကိုယ်တည်းသီချင်းဆိုရင်း ကနေတာတွေက အသက်၃၅နှစ်ရှိနေပြီဖြစ်တဲ့ ဘရစ်တနေဆိုတာထက် ငယ်စဉ်ကဘရစ်တနေကိုပြန်မြင်လိုက်ရသလို ပရိသတ်တွေသဘောကျမိမှာအမှန်ပါပဲ။
သီချင်းက အရမ်းမြူးကြွမနေပေမယ့် ရိုက်ကူးထားတဲ့သီချင်းဗီဒီယိုပုံစံလေးနဲ့ ဘရစ်တနေကိုလွမ်းနေကြတဲ့ပရိသတ်တွေအဖို့တော့ လူကြိုက်များမယ့်သီချင်းဗီဒီယိုလေးဖြစ်မှာ သေချာပါတယ်။
Source : YouTube