Entertainment: ပေါလ် ဝေါ်ကာရဲ့ဖခင်က Porsche ကို တရားစွဲဆို

, updated

Porsche ပြိုင်ကားဟာ မတော်တဆမှု ဖြစ်တဲ့အခါ လုံခြုံစိတ်ချရမှု မရှိဘူးလို့ ပေါလ်ဝေါ်ကာရဲ့ ဖခင်ကစွပ်စွဲထားပါတယ်။

play

 

၂၀၁၂ ခုနှစ်က Porsche Carrera GT မော်တော်ကားတွင် လိုက်ပါစီးနင်းစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ မင်းသား ပေါလ် ဝေါ်ကာရဲ့ ဖခင်ဖြစ်သူက Porsche ကားကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။ Porsche မော်တော်ကားဟာ လုံခြုံစိတ်ချရမှု မရှိခဲ့ခြင်းအပေါ် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Porsche က ၎င်းတို့ထုတ်လုပ်တဲ့ မော်တော်ကားကို လမ်းပေါ်မှာ မောင်းနှင်နိုင်တဲ့ လိုင်စင်ရ အသိအမှတ်ပြု ပြိုင်ကားတစ်စီးအဖြစ် ကြော်ငြာခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ မတော်တဆမှု ဖြစ်တဲ့အခါမှာ လုံခြုံစိတ်ချရမှု မရှိခဲ့သလို မတော်တဆမှုကို ကာကွယ်နိုင်မှု သို့မဟုတ် ထိခိုက်မှုအနည်းဆုံး ဖြစ်နေတဲ့ စီစဉ်ဆောင်ရွက်ထားမှု မရှိခဲ့ဘူးလို့ တရားစွဲဆိုချက်မှာ ထောက်ပြထားပါတယ်။

play

 

ပေါလ် ဝေါ်ကာရဲ့ ဖခင်ဖြစ်သူ ပေါလ် ဝီလီယံ ဝေါ်ကာက Porsche ကားမှာ တည်ငြိမ်မှု ထိန်းသိမ်းနိုင်တဲ့ အီလက်ထရောနစ်စနစ် ပါဝင်သင့်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ကားတံခါးကိုလည်း ကြံ့ခိုင်မှုအားနည်းတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

play

 

တရားစွဲဆိုမှုမှာ ဖော်ပြထားချက်အရ Porsche ကားရဲ့ ထိုင်ခုံခါးပတ်ပုံစံက မတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက် ပေါလ် ဝေါ်ကာကို ကားထဲမှ ထွက်မရဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ ပေါလ် ဝေါ်ကာဟာ ကားမတော်တဆမှု ဖြစ်ပွားပြီးနောက် ၁ မိနစ်နဲ့ ၂၀ စက္ကန့်အကြာမှာ မီးလောင်ပေါက်ကွဲခဲ့ချိန်အထိ အသက်ရှင်နေခဲ့သေးတယ်လို့လည်း တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ ​ပေါလ် ဝေါ်ကာရဲ့ ဖခင်က Porsche ကုမ္ပဏီကို လော့စ်အိန်ဂျလိစ် တရားရုံးမှာ တရားစွဲဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

Fast & Furious ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ပြီး နာမည်ကျော်ကြားခဲ့တဲ့ မင်းသား ပေါလ် ဝေါ်ကာနဲ့ သူငယ်ချင်းဖြစ်သူ ရော်ဂျာ ရိုဒက်စ်တို့ဟာ Porsche ကားဖြင့် သွားလာနေစဉ် လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့တဲ့ မတော်တဆမှုအတွင်း သေဆုံးခဲ့ပါတယ်။ မတော်တဆမှု ဖြစ်ပွားစဉ်မှာ Porsche ကားကို တစ်နာရီလျှင် ၆၃ မိုင်မှ ၇၁ မိုင်အတွင်း အမြန်နှုန်းဖြင့် မောင်းနှင်နေခဲ့တယ်လို့ ဆိုပါတယ်။

Source: www.cnn.com

Photos: www.indianexpress.com, www.nydailynews.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ