AD
AD
AD
play

 

ပုဂံယွန်း
………..
ပုဂံရောက်ရင် ဘုရားတွေပဲ မလည်ဘဲ လက်မှုလုပ်ငန်းလေးတွေ ဝင်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အခု ကျွန်မ ပြောပြချင်တာက ပုဂံယွန်းထည် အကြောင်းပါ။ ကျွန်မတို့ဆို ဘာလို့ယွန်းထည်ကို ဈေးကြီးပေးဝယ်ရမလဲဆိုပြီး ထင်ခဲ့ဖူးတယ်။ ကိုယ့်ရဲ့လက်မှုပစ္စည်းကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး။ အခုတော့ ကြုံကြိုက်လို့ ပုဂံယွန်းထည်တွေဆီ ဝင်လေ့လာခဲ့တယ်။ အဲဒီမှာ ကျွန်မ Bagan House နဲ့ Lotus နှစ်ခုကို ဝင်လေ့လာခဲ့ပါတယ်။ ယွန်းထည်မှာ မုံရွာနဲ့ ပုဂံ နှစ်မျိုးကွဲပါတယ်။ လုပ်ပုံ လုပ်နည်းလည်း ကွာပါတယ်။

play

 

play
play
play
play
play

မုံရွာ ယွန်းထည်အကြောင်းတော့ မုံရွာ အကြောင်းရေးမှ ထည့်ပါတော့ မယ်။ ယွန်းထည်ကို ပြုလုပ်တဲ့ အဓိက ပစ္စည်းဖြစ်တဲ့ သစ်စေးတို့ ဝါးတို့က ပုဂံမှာ မရှိပါဘူး။ အခြားနေရာများက မှာယူရပါတယ်။ ပုဂံယွန်းက သစ်စေးကို မီးနဲ့ချက်ပြီးမှသာ သုံးပါတယ်။ လျှပ်စစ်မီးလုံးနဲ့ အပူပြပြီး ဆန်ခါပေါ်က သစ်စေးကို ပျော်ပြီး အမှုန်အမွှားအားလုံးကင်းအောင် ဇွန်းနဲ့ မွှေပြီး ဆန်ခါအောက်က ပုံးထဲကို ဖြေးဖြေးချင်း စစ်ချရတာပါ။ ယွန်းထည်လုပ်ရင် ဝါး၊ သစ်သား၊ မြင်းမြီး သုံးခုနဲ့ လုပ်ကြတယ်။ ရေသောက်တဲ့ခွက်ကို မြင်းမြီးနဲ့လုပ်တယ်။ မြင်းမြီးနဲ့လုပ်တဲ့ ခွက်က ဖိလို့ရတယ်။ ပျော့ပျော့လေးရယ်။

ယွန်းထည် ပြုလုပ်ရင် သစ်စေးနဲ့ အထပ် (၂၀) အနည်းဆုံးသုတ်ရပါတယ်။ သစ်စေးတစ်ခါသုတ်ရင် မြေအောက်ခန်းထဲ တစ်ပတ်ထားရပါတယ်။ အထပ် နှစ်ဆယ်ဆိုတော့ ငါးလလောက်ကြာတာပေါ့။ အရည်အသွေးပေါ် မူတည်ပြီး အထပ် (၂၄) ထပ် (၂၆) ထပ်တို့ ဘာတို့လည်း ရှိပါတယ်။ အဲဒီလိုသုတ်လိုက်ရင် အနက်ထည် ရလာပါတယ်။ အဲဒီအပေါ်မှာ ယောက်ျားလေးတွေက ဒီဇိုင်းဆွဲပြီး မိန်းကလေးတွေက ယွန်းခွဲပါတယ်။ ယွန်းခွဲတယ်ဆိုတာ ပုံတွေပေါ်အောင် လုပ်ပေးရတာမျိုးပါ။ ပြီးရင် အရောင်လေးရောင် သုတ်ပါတယ်။ တစ်ရောင်နဲ့ တစ်ရောင်ကြားမှာ ထနောင်းကော် သုတ်ပေးရပါတယ်။ ပြီးရင် ယွန်းထပ်ခွဲပါတယ်။ ပြီးရင် မြေအောက်ခန်းထဲ သုံးရက်ထားပါတယ်တဲ့။ အဲဒီလိုအဆင့်ဆင့်ကျော်ဖြတ်ပြီးမှသာ ယွန်းထည်ပစ္စည်းကောင်းတစ်ခုကို ရပါတယ်။ ဒီတော့ ပစ္စည်းအသေးတစ်ခုရဖို့တောင် ငါးလ ခြောက်လ ကြာပါတယ်။ အချို့သော ဗီဒို၊ စားပွဲ စတာတွေဆို တစ်နှစ်လောက်ထိ ကြာတယ်လို့ သိရပါတယ်။

Bagan House ကမြို့သစ်မှာရှိပါတယ်။ သူကတော့ Marketing ကောင်းတယ်လို့ဆိုရမယ်။ ပစ္စည်းတွေကို သေချာ လှပအောင် ခင်းကျင်းပြထားပါတယ်။ ကျွန်မရိုက်ထားတဲ့ ပထမဆုံးပုံက Bagan House မှာပါ။ ခုတင်တစ်လုံးဆို သိန်းရာကျော်ပါတယ်။ သူတို့ဆီက ပစ္စည်းရောင်းတဲ့ Show Room ကလည်း တော်တော်ကြီးပါတယ်။ ဒါပေမဲ့ ပစ္စည်းတွေကတော့ ထောင်ချီတယ်။ ဒီမှာ စဉ်းစားစရာတစ်ခုက ဒီလောက် လုပ်ရကြာတဲ့ ယွန်းထည်ကို ဒီလောက် ပစ္စည်းတွေ ရဖို့ဆို သူ့အလုပ်တိုက်က ဝန်ထမ်းအားနဲ့တော့ မဖြစ်နိုင်တာပဲ။ ပုဂံက လူတွေမေးကြည့်တော့ အခြား ရွာတွေက ယူတယ်လို့ သိရတယ်။ အရည်အသွေးကတော့ သိပ်စိတ်မချရသလိုပဲ။

Lotus Collection မှာဝင်ကြည့်တော့ သူ့ဆီမှာ ပစ္စည်းသိပ်မရှိတာတွေ့ရတယ်။ သူကတော့ အရည်အသွေး လျော့မှာစိုးလို့ အရည်အသွေးပြည့်အောင် လုပ်တဲ့အဆင့်ကို အမြဲအပြည့်လုပ်တယ်လို့ ရှင်းပြတယ်။ နိုင်ငံခြားကိုလည်းပို့ပေးသေးတယ်။ အသားတံဆိပ်လည်း ရိုက်ထားတာ တွေ့ရတယ်။ ပြီးတော့ ယွန်းစစ်ဆိုတာ အာမခံတဲ့အပြင် ကိုယ့်ရှေ့မှာ ခွဲပြတာပါ။ ယွန်းထည်စစ်စစ် ဝယ်မယ်ဆိုရင်တော့ ကျွန်မက Lotus Collection ကို ညွှန်းချင်ပါတယ်။ ပုဂံရောက်လို့ သွားရောက်ကြည့်ရှုချင်ရင် ဖုန်းနံပါတ် 06165372 ကို ဆက်ပြီး သွားလို့ရတယ်။ သူလည်း မြို့သစ်မှာပဲ ရှိတာပါ။ နောက်ထပ် ယွန်းထည်ကောင်းတဲ့နေရာ နှစ်ခုကတော့ မြင်းကပါရွာက မောင်အောင်မြင်နဲ့တင်ထွန်း ယွန်းထည်လို့ ဒီက အန်တီက ပြောပြပါတယ်။

ဒီမှာ ဗဟုသုတအနေနဲ့က ယွန်းအစစ်ဆိုရင် ပုဂံတွေ ခွဲလည်း ကွဲမထွက်သွားပါဘူး။ အပေါ်က လူတက်ရပ်ရင်တောင် ဘာမှမဖြစ်တာတွေ့ရတယ်။ အဲဒီရေနွေးအိုးလို နှုတ်သီးဆက်ထားတာမျိုး တော့မဟုတ်ဘူးပေါ့။ ပြီးတော့ ယွန်းထည်အစစ်တွေက မီးရှို့ခံနိုင်တာပါ။ ယွန်းထည်ပစ္စည်းတွေက ကြာလေ အရောင်တက်လေမို့ ဟောင်းသွားလည်း ဘယ်တော့မှ မှိန်မသွားတာလည်း ထူးခြားချက်ပါပဲ။ နောက်ထပ် ထူးခြားတာက လူတွေမကြိုက်တဲ့ ယွန်းနံ့ပါ။ တကယ်တော့ ယွန်းနံ့က အဆိပ်အတောက်ကင်းတာကို ပြတာပါတဲ့။ ရှေးတုန်းက ယွန်းထည်နဲ့ ပွဲတော်တည်ရင် အဆိပ်ပါရင် ချက်ချင်း ယွန်းနံ့ပျောက်တယ်လို့တောင် ပြောစမှတ်ပြုကြတယ်။ ကျွန်မကတော့ ယွန်းနံ့သင်းသင်းခွက်လေးထဲကို ရေနွေးထည့်သောက်ရတာကို သိပ်သဘောတွေ့ပါတယ်။

အခုလို ယွန်းထည်တွေ လေ့လာရတော့မှ ကျွန်မတို့ရဲ့ လက်မှု ပစ္စည်းတွေဟာ အရမ်းကို အဖိုးတန်တယ်ဆိုတာ နားလည်သွားခဲ့မိတယ်။ ဒါကို ပြန်လည် မျှဝေချင်လို့ ဒီစာကို ရေးလိုက်ရတာပါ။ နောက်တစ်ပို့စ်မှာတော့ ပုပ္ပါးသွားရင် ဘယ်တွေမှာ အချိန်ဖြုန်းလို့ရမလဲ ဆိုတာလေး ရေးပေးပါ့မယ်။

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD