AD
AD
AD
play

 

အင်းလေး ညောင်ရွှေရောက်ရင် အခြားနေရာတွေ ခဏခဏ ထပ်မသွားဖြစ်ပေမဲ့ ဒီ မြင်းစီးကွင်း INLE HORSE CLUB ကိုတော့ ခဏခဏ ပြန်သွားချင်မိတယ်။ ချီလီတို့ကံကောင်းချင်တော့ ဒီမြင်းစီးစခန်း တရားဝင် မဖွင့်ခင်ကတည်းက ရောက်ခဲ့တာပေါ့။ မြင်းစီးစခန်းပိုင်ရှင် အစ်ကိုက သေချာရှင်းပြသလို ဓာတ်ပုံတွေလည်း စေတနာနဲ့လိုက်ရိုက်ပေးခဲ့တယ်။

play

မြင်းစီးစခန်း ဖြစ်ပေါ်လာပုံလေးက ထူးခြားတယ်။ မြင်းတွေကိုချစ်တဲ့ မြင်းစီးစခန်းပိုင်ရှင်အစ်ကိုရဲ့ ချစ်မိန်းမကြောင့်တဲ့။ သူတို့ ပြောပြတဲ့ မြင်းတွေရဲ့ အကြောင်းကြောင့် ကိုယ်ပါ မြင်းတွေကို ချစ်မိသွားတယ်။ မြင်းတွေရဲ့ အမူအကျင့်လေးတွေ သဘာဝလေးတွေက အတော်ချစ်စရာကောင်းတာမို့ အရင်ပြောပြပါရစေ။

play

ချစ်စရာ မြင်းလေးတွေအကြောင်း

ဒီတစ်ခါကံကောင်းတော့တစ်ရက်တည်း မြင်း လေးကောင်တောင် စီးခဲ့ရတယ်။ မြင်းဆိုတာ လူလိုပဲ။ အဖော်မင် သတ္တဝါ ခင်ဗျ။ တစ်ကောင်တည်းဆို ပေကပ်ကပ် မထွက်ချင်ဘူးလေ။ မနည်း ချော့ခေါ်ရတယ်။ မြင်းမစီးခင် ချီလီ မြင်းတစ်ကောင်ချင်းစီ အကြောင်း ပြောပြချင်တယ်။ ဒါမှ ကိုယ်တိုင်မြင်းစီးတဲ့အခါ ကြိုက်နှစ်သက်တဲ့ မြင်းကို ရွေးစီးနိုင်သလို ပိုပြီးအဓိပ္ဗာယ်ရှိမယ် ထင်မိတယ်။

play

 

ကြာဖြူ - သူကတော့ နာမည်နဲ့လိုက်တယ်။ အဖြူကလေး ဝင့်ဝင့်ဝါးဝါးလေး ပေါ့။ သူ့ကို လူတကာက စီးဖို့ ရွေးကြတဲ့အခါ သူက အခြားမြင်းတွေရှေ့မှာ နည်းနည်းမော်ကြွားချင်တာ။ ကြာဖြူက အမမဟုတ်ဘူးနော် အထီးကလေးနော်။ အဲ သူက အဖော်သိပ်မင်သလို အစားကလည်းငမ်းသေး။ မြင်းကွင်းကနေ တစ်ကောင်တည်းထွက်ရပြီဆို လမ်းမှာ ပေကပ်ကပ်နဲ့ ကျန်ခဲ့ချင်သေးတာ။

play

 

တွေ့သမျှ မြက်လည်း အတင်းစားလို့ ဇက်ကြိုးက ဆွဲရသေး။ ဓာတ်ပုံရိုက်မယ်ဆို သူနဲ့ ကြည်နူးဖို့ ပုံရဖို့ ကိုယ့်မှာ မြင်းမွေးလေးကိုသပ်ပြီး ကြာဖြူရယ် ငှက်ပျောသီးကျွေးပါ့မယ် မနည်းချော့ရတာ နောက်ဆုံးမှ ငြိမ်းချမ်းမှုရတော့တယ်။ အဲဘာပဲဖြစ်ဖြစ် သူကတော့ လူတစ်ကာ အချစ်တော်ကြီးပေါ့။

play

 

ချမ်းသာ - ချမ်းသာကတော့ ရို ဆန်သူကြီးပေါ့။ သူ့ခမျာ အသည်းကွဲနေတာကနေ ပြန်ကောင်းတာ ၂ လ လောက်ရှိသေးတယ်။ သူကသူချစ်တဲ့ အင်းမင်းသမီးနဲ့ အခြားမြင်းတွေ ချစ်နေတာမြင်ပြီး အသည်းကွဲ မစားမသောက် ဘယ်မြင်းနဲ့မှ မတည့်တော့လို့ နေရာခွဲလိုက်ရတဲ့ ကလေးပေါ့။ သူက မြင်းပုမျိုးဖြစ်လို့ ကြည့်ရင်သာ အကောင်သေးပေမဲ့ တောင်တက်ရမယ်ဆို မညီးမညူ တက်နိုင်သူ။

play

 

ချွေးတစ်စက်မှ မထွက်သူကြီးပေါ့။ ပေါင် ၁၉ ၀ လောက်အထိ နိုင်တဲ့ ဗလရှင်ပေါ့ကွယ်။ သူနဲ့စီးရတာ ကြာဖြူလိုမဟုတ်။ အေးအေး ဆေးဆေးပဲ။ လမ်းမှာ မရပ်မနားသွားနိုင်သလို ဓာတ်ပုံရိုက်မယ်ဆိုလည်း သူက အလိုက်သင့်လေးလေ။ အမြင့်ကြောက်တတ်ရင်တော့ ချမ်းသာကိုစီးပါလေ။ အသည်းကွဲနေတဲ့သူ့ကို ကိုယ်ဂရုစိုက်ခဲ့ပါတယ်။

play

 

အင်းမင်းသား - သူကိုယ်လုံးကိုယ်ထည်ကဗျာ ကိုယ်တွေအခေါ်ဆို 6 Pax လို့ ပြောရမလား။ ဝင့်ဝင့်ထည်ထည်ကြီးနဲ့ စီးချင်စရာကောင်ကြီး။ အဲသူက အမူအကျင့်တစ်မျိုး သူနဲ့ ဓာတ်ပုံရိုက်ရင် မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံတာနဲ့ ရင်ထဲတိုးဝှေ့သူပါ။ မိန်းကလေးပဲ ရွေးပြီး တိုးသတဲ့လေ။ ယောက်ျားဆို အင်းမင်းသားက ဟင့်အင်းပဲတဲ့။ သူအတိုးကောင်းတာ ကိုယ့်မှာ မြင်းခြံထဲ ကျတော့မလို့။ ချစ်ဖို့ကောင်းချက်ဆိုတာ။ သူနဲ့ စီးရတာ အခြား ဘယ်မြင်းနဲ့မှမတူဘူး။ သူကိုယ်ထည်ဝင့်ဝင့်ပေါ်မှာ စီးရတဲ့အရသာက ကိုယ့်ပါ ဝင့်ထည်စေတာ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်ခဲ့တယ်လေ။

play

 

အင်းမင်းသမီး - သူက မြင်းပေါက်လေး မွေးထားတာ လေးလ ရှိသေးတယ်။ သူ့သမီး ရွှေမင်းသမီးတော့ သွားမထိလေနဲ့။ မကြိုက်ဘူးနော်။ သူနဲ့တူတူ စီးရင် သူသမီးလေးကပါ နောက်က လိုက်ခဲ့သေးတာ။ သူကတော့ မြင်းမချောချောလေးဆိုတော့ ချမ်းသာ ကြိုက်လည်း ကြိုက်ချင်စရာပေါ့။ သူက ချမ်းသာကိုမရွေးဘဲ အခြားသူရွေးပြီး အခု ကိုယ်ဝန်ကြီးနေလေရဲ့။ သူတို့သဘာဝ ကိုယ်ဝန်ဆောင်ချိန်က တစ်နှစ်တောင်တဲ့။ ကလေးမွေးပြီး ချက်ချင်း ဇီးတင်လို့ရတယ်တဲ့လေ။ မှတ်သားစရာတွေ။

play

 

လှလှ - မြင်းမသေးသေးလေးမို့ မစီးခဲ့ရဘူး။ သူက နာမည်နဲ့လိုက် စပ်စလူးလေးပါတဲ့။ ချမ်းသာကို သွားသွားပြီး ကြာပစ်တတ်သေး။ ချမ်းသာကလိုက်ရင် သူက ထွက်ပြေးသေးတယ်။ ဆယ်ကျော်သက် စပ်စလူး မြင်းမလေးပေါ့။ နာမည်နဲ့လိုက်အောင် ချောသေးတယ်နော်။ သူကတော့ ငယ်သေးတယ် မစီးရသေးဘူးလို့။

ကဲမြင်းမင်းသားနဲ့ မင်းသမီးတွေအကြောင်းပြောပြီြး့ပီဆိုတော့ မြင်းစီးတဲ့အကြောင်းပေါ့။

play

 

မြင်းစီးကြမယ်
မြင်းစီးမယ်ဆိုရင် ဒီအတိုင်း ခြံထဲ ပတ်စီးမလား။ Red Mountain ပဲသွားမလား၊ နေ့တစ်ဝက် တောလမ်း ပတ်စီးမလားပေါ့နော်။ အမျိုးမျိုးရှိပါတယ်။ ဈေးတွေကလည်း ၃၀၀၀ ကျပ်ကနေ တစ်သိန်းလောက်အထိ အမျိုးမျိုးရှိပါတယ်။ ချီလီကတော့ နေ့တစ်ဝက်စီးပြီး မြင်းနဲ့ ပအို့ရွာတွေဖြတ်၊ Coffee House နဲ့ Red Mountain သွားခဲ့တယ်။ မြင်းစီးတယ်ဆိုတာ ဟန်ချက်လည်းညီရတယ်။ ပထမတော့ မြင်းကန်ခံရမှာ ကြောက်ပေမဲ့လည်း စီးလည်းစီးတတ်သွားရော အပေါ်ကတောင် ပြန်မဆင်းချင်ဘူးရယ်။

play

 

မြင်းကို သဲသောင်ပေါ် မြေညီမှာမဟုတ်ဘဲ အကွေ့အကောက် တောင်ကုန်းတွေ များတဲ့ ညောင်ရွှေမှာစီးရတာက အသည်းယားစရာကောင်းသလို ရင်ဖို စရာလေးပါ။ တောင်ကုန်းတွေနဲ့ ရှုခင်းတွေကို မြင်းပေါ်က ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူပါဘူး။ တစ်ယောက်တည်း မြင်းမစီးရဲရင် ဘေးမှာ မြင်းထိန်းလိုက်ပေးပါတယ်။ စီးတတ်ရင်တော့ ရှေ့က မြင်းတစ်ကောင်နဲ့ သတ်သတ် လိုက်ပေးပါတယ်။ ဓာတ်ပုံကတော့ မြင်းပိုင်ရှင်အစ်ကိုက စေတနာနဲ့ လိုက်ရိုက်ပေးတာပေါ့နော်။ မြင်းစီးကွင်းမှာ အစ်ကိုရှိရင်တော့ စေတနာနဲ့ရိုက်ပေးပါတယ်။  ဒီကိုတော့အချို့က Pre Wedding ရိုက်ဖို့ လာကြတာပါတဲ့။

play

 

အနားယူမယ်
မြင်းစီးလို့မောရင် မုန့်နဲ့ အအေးတချို့ မှာယူပြီး သဘာဝ တောင်တန်းတွေကြည့်ပြီး အနားယူနိုင်ဖို့ နေရာလေး တစ်ခုလည်း မြင်းစီးကွင်းမှာ လုပ်ပေးထားသေးတယ်။ ချစ်စရာခွေးကလေး သုံးကောင်ကလည်း သင်နဲ့တူတူ လာဆော့ဦးမှာ။ မြင်းတွေကို အစာကျွေးချင်တယ်ဆိုရင်တော့ Coffee House မှာ ငှက်ပျောသီး မှာကျွေးလို့ရတယ်နော်။

play

 

ဘာတွေပြင်ဆင်ရမလဲ?
မြင်းစီးမယ်ဆိုရင် ရှုးဖိနပ်နဲ့ အကျီပါးပါးလက်ရှည်လေး ဝတ်သွားပါ။ ပြီးရင် နေကာမျက်မှန်ပေါ့။ ဆောင်းတွင်းမှာ အေးပေမဲ့အခုနည်းနည်းပူနေပြီမို့ပါ။ ဆောင်းတွင်းအလှ၊ မိုးတွင်းအလှနဲ့ နွေရာသီအလှကတော့ တူနိုင်မယ်မထင်ပါဘူး။ တစ်မျိုးစီလှကြပါတယ်။

ကဲ ညောင်ရွှေမှာ မြင်းစီးမယ်ဆိုရင်တော့ 09250952955 ကိုဖုန်းဆက်ပြီး ဘိုကင်တင်လိုက်တော့နော်။

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD