Lifestyle: အလုပ်ကြောင့် မိသားစုကို အချိန်မပေးနိုင်တဲ့အခါ တွေ့ရမယ့် ပြဿနာများ

ကျွန်တော်တို့တတွေဟာ ကိုယ့်ဘဝရဲ့ မတူညီကြတဲ့ရည်မှန်းချက်ပန်းတိုင်တွေဆီကို ကွဲပြားတဲ့နည်းလမ်းတွေ ကိုယ်စီနဲ့ လျှောက်လမ်းနေကြသူတွေဖြစ်ပါတယ်။ အခြားသူတွေရဲ့ အောင်မြင်မှုတွေကိုကြည့်ရင်း ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာ ဘာတွေလဲဆိုတာ တွေးဆရင်း အကောင်အထည်ဖော်နေကြသူတွေ ဖြစ်ပါတယ်။ သတိချပ်သင့်တာက အောင်မြင်မှုနောက်ကို လိုက်ရင်းနဲ့ အလုပ်ကိုစွဲလမ်းခြင်းရောဂါ ကပ်ညိလာတက်ကြပါတယ်။ အဲဒါလိုဖြစ်လာတဲ့အခါ သင့်ရဲ့အေးချမ်းတဲ့ဘဝကို ဘယ်လိုထိခိုက်လာနိုင်မလဲဆိုတာ အောက်မှာ ကြည့်ရှုလိုက်ပါဦး။

အလုပ်ကိုစွဲလမ်းခြင်းရောဂါရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ဟာ ဘဝကိုဟန်ချက်ညီအောင်ထိန်းနိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပြီး နောက်ဆုံးကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာတောင် သတိမေ့သွားနိုင်စေပါတယ်။ ဘဝမှာ အလုပ်ထက်ပိုပြီးအရေးကြီးဦးစားပေးရမယ့် ကိစ္စတွေရှိနေနိုင်သေးတယ်ဆိုတာ မေ့လျော့သွားနိုင်ပါတယ်။ ဘယ်သူကမှတော့ ကိုယ့်မှာအလုပ်စွဲလန်းတဲ့ပြဿနာရှိနေတယ်ဆိုတာ အလွယ်တကူဝန်ခံကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပြဿနာဟာ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး နက်နဲနေပါတယ်။

play

 

၁။ သင့်ရဲ့ကျန်းမာရေး

အလုပ်ချိန်များလေလေ သင့်အတွက် လေ့ကျင့်ခန်းလုပ်ချိန်၊ အိပ်ချိန်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ ပြင်ဆင်စားသောက်ချိန် လျော့နည်းလေလေဖြစ်တက်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ဖို့အတွက် အိပ်ချိန်မှန်မှန်လိုအပ်သလို အဆီမတက်တဲ့ အစားအစာတွေကို ဂရုတစိုက်စားဖို့လည်း လိုပါသေးတယ်။

အလုပ်ချိန်ပြင်ပမှာတောင် ကိုယ့်ဆီရောက်နေတက်တဲ့အီးမေးလ်တွေကို ချက်ခြင်းအကြောင်းပြန်ဖို့ လိုအပ်နေတာမျိုးတွေက သင့်ကို အလုပ်စွဲလန်းမှုပြဿနာထဲ တွန်းပို့နေတာဖြစ်ပါတယ်။ ကိုယ်ပိုင်အချိန်ထဲက ဖဲ့ပြီး အလုပ်အတွက် နေ့လည်စာသွားစားပေးရတာမျိုးတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာနုပျိုလန်းဆန်းမှုတွေကို ရိုက်ချိုးနေတာနဲ့ အတူတူပါပဲ။

အားလပ်ချိန်နည်းပါးလွန်းလာတာဟာ အားအင်အလွယ်တကူကုန်ခမ်းစေခြင်းနဲ့အတူ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကိုလည်း စားဖို့တွန်းအားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတော့သလို အိပ်စက်တော့လည်း နှိုးစက်ကိုဘေးမှာချပြီး အိပ်စက်ကြရပြန်ပါတယ်။ မနက်ရောက်ပြန်တဲ့အခါ သုတ်သုတ်သွား၊ သုတ်သုတ်စားဆိုတဲ့ အလောတကြီစက်ဝိုင်းကြီးထဲပြန်ဝင်သွားရ ပြန်တာပဲလေ။

ဒါကြောင့် သင့်ရဲကဖုန်းတွေခဏချ၊ လက်ပ်တော့ကို ခဏပိတ်ပြီး ဒီနေ့ဘာစားမယ်၊ ဘာလုပ်မယ်ဆိုတာ နည်းနည်းလောက်တွေးကြည့်လုက်ပါ။ အားလပ်ချိန်ပိုယူလိုက်ပြီး အလုပ်ပြန်စတဲ့အခါ သင့်ရဲ့စွမ်းအင်တွေ အရင်ကထက်ပိုပြည့်နေတာ တွေ့ရပါလိမ့်မယ်။

၂။ အပေါင်းအသင်း မိတ်ဆွေများ

လွန်ကဲစွာ အလုပ်လုပ်ချိန်ဟာ သင်နဲ့သင့်သူငယ်ချင်းတွေရဲ့ ပျော်စရာကောင်းတဲ့ တွေ့ဆုံချိန်တွေကိုလည်း လျော့နည်းစေတာ အသေအချာပါပဲ။ တစ်ခါတစ်ရံမှာ အလုပ်မများရင်တောင်မှပဲ အချိန်မရှိဘူးလို့ အကြောင်းပြပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ ငြင်းတက်ကြပါတယ်။

အမှန်တော့အားလုံးက အလုပ်ကိုယ်စီရှိတာပါပဲ။ အားလုံးအလုပ်များကြတာပါပဲ။ အားလုံးမှာ မိသားစု၊ အလုပ်ကိစ္စ၊ အခွန်ကိစ္စ၊ ဝါသနာပါရာတွေအပြင် ခရီးထွက်ဖို့ ကိစ္စတွေရှိနေတက်တာပါပဲ။ ဘာကြောင့်များ ကိုယ့်တစ်ယောက်တည်းက သူများထက်ပိုပြီး အလုပ်ရှုပ်နေပါသလဲ။

အားလုံးမှာ အလုပ်ချိန်စရာ ကိစ္စတွေကိုယ်စီရှိကြပါတယ်။ ဒါကိုမှ သင့်ကသင့်သူငယ်ချင်းတွေအတွက် နည်းနည်းကလေးတောင် အချိန်ဖဲ့မပေးနိုင်တာ လက်မခံနိုင်စရာကိစ္စဖြစ်ပါတယ်။

မနက်တိုင်းအလုပ်အချိန်မီသွားဖို့ အဆင်သင့်ပြင်ထားတယ်မဟုတ်လား။ သင်ကော်ဖီသောက်ဖို့ အချိန်ဘယ်လိုယူရမလဲ သိတယ်မဟုတ်လား။ ဒီလိုကိစ္စမျိုးတွေအတွက်လည်း အချိန်တချို့ကို သင်စီမံနိုင်တယ်ဆိုရင် ဘာကြောင့်များ သူငယ်ချင်းတွေအတွက်အချိန်တစ်ချို့ မဖန်တီးပေးနိုင်မှာလဲ။

၃။ သင့်မိသားစု

မိသားစုဆိုတာ သင့်ဘဝရဲ့ အရေးအပါဆုံး ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင်ကအလုပ်ကို အလွန်အကျွံလုပ်နေတဲ့အခါ သင့်မိသားစုဟာသင်နဲ့ ဆက်ဆံရေးတင်းမာလာနိုင်ပြီး ဖိအားတွေလည်း ရှိလာနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုအတွက် အဓိကအကျဆုံးဟာ မိသားစုဖြစ်ပါတယ်။ ရုံးခန်းတွေက ကျွန်တော်တို့ကို အလုပ်ပေးပါတယ်။ ချိန်းတွေ့တာက ကြည်နူးမှုကိုပေးပါတယ်။ ကောလိပ်တွေက ပညာရေးကို ပေးပါတယ်။ မိသားစုကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပိုပြီးအဓိပ္ပါယ်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

အလုပ်အလွန်အကျွံလုပ်မိခြင်းဟာ ပိတ်ရက်တွေမှာတောင် သင့်ကိုဖိအားတွေ များနေစေပါတယ်။ သင့်မိသားစုနဲ့ ရှိနေသည့်တိုင်အောင် မပျော်နိုင်ဖြစ်ရတက်ပါတယ်။ နေ့စဉ်နေ့တိုင်း သင့်မိသားစုအတွက် ပျော်စရာအချိန်တစ်ခုတော့ ရအောင်ကြိုးစားယူကြည့်ပါ။ ကိုယ့်ရဲ့လက်တွဲဖော်စီ ဖုန်းဆက်တဲ့အခါ အခုပဲ မင်းအကြောင်းတွေးနေတာလို့ ပြောပေးပါ။ ဒါဟာ အရေးကြီးတဲ့ ဆက်ဆံရေးလျှို့ဝှက်ချက်ပါပဲ။

နောက်ဆုံး သတိပေးချင်တာကတော့ အရာရာကို အေးအေးလူလူသာ တွေးတောဖြတ်သန်းပါ။ အလုပ်ကိုလည်း လုပ်ပါ။ အလုပ်နဲ့ ကိုယ်ပိုင်ဘဝအကြား ဟန်ချက်ညီအောင်ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝလည်း တိုးတက်လာပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ