Lifestyle: ရန်ကုန်မှာ နေတဲ့အခါ တွေ့ရတဲ့ ဒုက္ခ (၇) မျိုး

, updated

ရန်ကုန်မြို့ဟာ အလုပ်အကိုင်ပေါင်းများစွာကို ဖန်တီးထားတဲ့ စီးပွားရေးမြို့တော်ဖြစ်ပေမယ့် နေထိုင်ချင်စရာမကောင်းတဲ့ အချက်တွေလည်း ရှိနေပါတယ်။

play

 

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ်တရားဝင်ရှိမနေတော့ပေမယ့် စီးပွားရေးမြို့တော်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ များပြားလှတဲ့လူဦးရေ၊ များပြားလှတဲ့ လုပ်ငန်းလည်ပတ်စီးဆင်းမှုတွေနဲ့အတူ လူနေမှု ဘဝမျိုးစုံကိုလည်း ရန်ကုန်မြို့မှာ တွေ့နိုင်ပါတယ်။ နိုင်ငံတဝှမ်းက တိုးတက်ဖြစ်ထွန်းလိုသူတွေလည်း နေ့စဉ်နဲ့ အမျှ ရန်ကုန်မြို့ကို ရောက်လာကြတာရှိပါတယ်။ ဒါပေမယ့် စီးပွားရေးမြို့တော်ရန်ကုန်မှာ နေထိုင်လို့ မကောင်းတဲ့ အချက်တွေလည်းရှိနေပြန်ပါတယ်။ အကောင်းအဆိုးဒွန်တွဲနေလေ့ရှိတဲ့သဘောပါပဲ။ ရန်ကုန်မြို့က ဘာကြောင့်နေချင်စရာ မကောင်းလှလဲဆိုတဲ့အချက်တွေကိုကြည့်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာပါ။

၁။ ကားလမ်းပိတ်ဆို့ခြင်း

play

 

သည်းမခံချင်စရာကောင်းလောက်အောင် ရန်ကုန်မြို့က ယာဉ်ကြောတွေ ပိတ်ဆို့လျှက်ရှိပါတယ်။ ကားတင်သွင်းခွင့်တွေ ခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ ကားအစီးရေ ပမာဏဟာ အလွန်ကို သိပ်သည်းလာပါတယ်။ လိုင်းကားများ အလွန်များပြားခြင်း၊ ပျံကျဈေးသည်များပြားခြင်း၊ လူဦးရေများပြားခြင်း စတဲ့အကြောင်းအရာတွေကြောင့် ရန်ကုန်ဟာ အလွန်ကို ကားလမ်းပိတ်ဆို့တဲ့ နေရာဖြစ်လာပါတယ်။

လှိုင်သာယာလို မြို့စွန်နေရာကနေ ရန်ကုန်မြို့လယ်ကို လိုင်းကားစီးမယ်ဆိုရင် ပျမ်းမျှ တစ်နာရီခွဲကနေ နှစ်နာရီ ကြာမြင့်မှာဖြစ်ပါတယ်။ ရုံးဆင်း၊ ရုံးတက်ချိန်ဆို ပိုမိုကြာမြင့်နိုင်ပါတယ်။ ရုံးတက်ရုံးဆင်းချိန်တွေမှာလည်း လူကြပ်ကြပ်ထဲ ကားတိုးစီးရတဲ့ ပြဿနာကို လူအများစု ရင်ဆိုင်ကြရန်ပြန်ပါတယ်။

၂။ လူနေမှု စရိတ်ကြီးမြင့်ခြင်း

play

 

ရန်ကုန်ဟာ လူနေမှုစရိတ်အတော်လေး ကြီးမြင့်တဲ့ မြို့ဖြစ်ပါတယ်။ သာမန်အလုပ်သမား၊ ဝန်ထမ်းတွေအတွက် အိမ်ငှားစရိတ်၊ စားသောက်စရိတ်တွေဟာ ကြီးမြင့်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကန်ထရိုက်လုပ်ငန်းတွေတိုးတက်လာပြီး အိမ်ရာတွေများပြားလာကာ၊ မြို့သစ်တွေထွက်လာခဲ့ပေမယ့် နေထိုင်မှုစရိတ်ကတော့ ကြီးမြင့်နေဆဲဖြစ်ပါတယ်။ တစ်ကိုယ်ရေသမားတွေက တိုက်ခန်းတစ်ခန်းလုံးငှားဖို့ မတက်နိုင်တဲ့အခါ စုပေါင်းငှားရမ်းရတာမျိုးတွေ၊ အဆောင်နေရတာမျိုး စတဲ့ဒုက္ခတွေကို သာမန်ဝန်ထမ်းနဲ့ အလုပ်သမားတွေ ခံစားရပါတယ်။ အစားအသောက်ပေါများပေမယ့် စားသောက်စရိတ်လည်း သက်သာတာမျိုး မရှိပါဘူး။

၃။ မလုံခြုံခြင်း

play

 

ကန်ထရိုက်လုပ်ငန်းတွေ တိုးတက်လာပြီးတဲ့နောက်အကျိုးဆက်က တိုက်ခန်းအသီးသီးနဲ့ နေထိုင်ကြရတာ ဖြစ်ပါတယ်။ တိုက်ခန်းများနဲ့နေထိုင်တဲ့အခါ တစ်ခန်းနဲ့တစ်ခန်း၊ တစ်အိမ်နဲ့ တစ်အိမ် အသိအကျွမ်းဖြစ်ဖို့ မလွယ်ကြတော့ပါဘူး။ အမြဲလိုလို တံခါးပိတ်ထားလေ့ရှိတဲ့ တိုက်ခန်းယဉ်ကျေးမှုစနစ်ကလည်း ဒုစရိုက်သမားတွေကို ဖိတ်ခေါ်လေ့ရှိပါတယ်။

တိုက်ခန်းများအတွင်းဝင်ကာ ဒုစရိုက်မှုများ ကျူးလွန်းခြင်းအပြင် လူပြတ်တဲ့တိုက်ခန်းလှေကားများကလည်း ဒုစရိုက်သမားတွေ အကြိုက်တွေ့ရာ နေရာဖြစ်လာပါတယ်။ တစ်အိမ်နဲ့တစ်အိမ် မျက်ကွယ်ဖြစ်နေတဲ့ နေထိုင်ပုံ ပြောင်းလဲလာမှုကြောင့် တိုက်ခန်းတွေမှာ နေထိုင်သူတွေအတွက် မလုံမခြုံ ဖြစ်လာပါတယ်။ ဒါ့အပြင် ညဘက်သာမက နေ့ဘက်မှာတောင် ပြုလုပ်တဲ့ဒုစရိုက်မှုတွေလည်း ပေါများလှပါတယ်။ လူဦးရေ များလွန်းတဲ့ မြို့ဖြစ်လို့ လူစိမ်းတစ်ဦးကို အကဲခပ်ဖို့ မလွယ်လှပါဘူး။

၎။ လူဦးရေ ထူထပ်ခြင်း

play

 

မြို့ပြတွေမှာ လူဦးရေများလွန်းတာဟာ တကယ့်ကိုပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လူဦးရေများတာနဲ့အမျှ သင့်အနေနဲ့လည်း လွတ်လွတ်လပ်လပ်နေထိုင်နိုင်ခွင့် တဖြည်းဖြည်းနည်းပါလာပါတယ်။ အလုပ်သွားဖို့ သင်လမ်းလျှောက်ရတဲ့အခါမှာတောင် လူသွားစင်္ကြန်မှာ တိုးဝှေ့ပြီးလျှောက်ရတဲ့ ပြဿနာတွေ့ရမှာပါ။ ရုံးအပြန် ဘတ်စ်ကားသို့မဟုတ် ရထားစီးပြန်ရင်လည်း ပြည့်ကျပ်နေတဲ့အခြေအနေကို ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အားလပ်ချိန်တွေ၊ အားလပ်ရက်တွေမှာလည်း အပန်းဖြေရာနေရာတွေမှာ လူအများရှိနေတာကို သင်စိတ်ရှုပ်စွာ တွေ့ရဦးမှာပါ။

နောက်ဆုံး သင်ဟာနာမည်အတန်အသင့်သာရှိတဲ့ စားသောက်ဆိုင်ကို သွားမယ်ဆိုရင်တောင် အတော်လေးစောင့်ပြီးမှ သင်မှာတဲ့ ဟင်းပွဲတွေရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဆိုင်လူပြည့်နေလို့ ထိုင်ခုံမရတာမျိုး ရှိတက်ပါသေးတယ်။

၅။ လေကောင်းလေသန့်မရခြင်း

play

 

မြို့ပြတွေဟာကျန်းမာရေးနဲ့ ညီညွတ်တဲ့နေရာတွေ မဟုတ်ပါဘူး။ ရန်ကုန်ဟာ ကားအစီးရေ များလွန်းတဲ့အပြင် တိုက်ခန်းတွေလည်းများလှတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့်လေကောင်းလေသန့် မရတဲ့ပြဿနာကို အားလုံးရင်ဆိုင်ကြရပါတယ်။ တစ်ချိန်လုံး အဲယားကွန်းအအေးခန်းထဲမှာ ထိုင်နေတဲ့သင်ဟာ အပြင်ထွက်လိုက်ပြန်ရင်လည်း ကားမီးခိုးနံ့တွေရနေမှာ ဖြစ်ပါတယ်။ လမ်းမ၊လမ်းဆုံတွေမှာလည်း စားသောက်ဆိုင်တွေက ညှော်နံ့တွေအများအပြားရှိနေတက်ပါတယ်။

ရန်ကုန်မှာ လေကောင်းလေသန့်ရတဲ့ကျယ်ကျယ်ဝန်းဝန်းနေရာဟာ အနည်းငယ်သာရှိပါတယ်။ ကန်တော်ကြီးပန်းခြံအပါအဝင် လေကောင်းလေသန့်ရတဲ့နေရာအချို့ရှိနိုင်ပေမယ့် နေထိုင်မှုပုံစံအရ လူတိုင်းဒီလိုနေရာကို ခဏခဏသွားဖို့ ခက်ခဲလှပါတယ်။

၆။ ကစားကွင်းများ နည်းပါးခြင်း

play

 

ကိုယ့်လက်လှုပ်ရှားမှုနဲ့ ကလေးငယ်တွေ ဆော့ကစားနိုင်ဖို့ ကစားကွင်းတွေဟာ ရန်ကုန်မှာ အလွန်နည်းပါးလှပါတယ်။ အခကြေးငွေပေးပြီး ဝင်ရတဲ့ကစားကွင်းအချို့ရှိပေမယ့် အားလုံးအတွက် အဆင်မပြေသေးပါဘူး။ အထူးသဖြင့် ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ မြက်ခင်းစိမ်းစိမ်းနဲ့ရှိနေမယ့် ကစားကွင်းတွေ နည်းပါးတာကြောင့် လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်စရာနေရာတွေ မရှိဖြစ်ရပါတယ်။ အခြားမြို့တွေမှာလို့

၇။ အပူချိန်မြင့်မားခြင်း

play

 

ပုံမှန်အားဖြင့်တော့ ရန်ကုန်ဟာ အလွန်ပူပြင်းတဲ့ရာသီဥတုကို မခံစားရပါဘူး။ ဒါပေမယ့် လေဝင်လေထွက် ကောင်းမွန်ခြင်းမရှိတဲ့ ကန်ထရိုက်တိုက်တွေထဲမှာ အဲယားကွန်းမပါပဲ နေရရင် သင်ဟာ ပူလောင်ခြင်းကို ခံစားရပါလိမ့်မယ်။ နေ့ခင်းဘက် အပြင်ထွက်ချိန်မှာလည်း ပူပြင်းတဲ့ရာသီဥတုအောက်မှာ ကားတွေရဲ့ နီးကပ်တဲ့ အပူငွေ့ဒဏ်တွေ ထပ်မံခံစားရပြန်ပါတယ်။ သိပ်သည်းလွန်းတဲ့ ကားတွေကထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေနဲ့ များပြားလွန်းတဲ့ စက်ရုံတွေကြောင့်လေထုညစ်ညမ်းမှုလည်း ဖြစ်စေပြန်ပါတယ်။

ကျန်းမာရေးရှုထောင့်ကကြည့်ရင် လတ်ဆတ်လေကောင်းလေသန့်ရှားပါးမှု၊ အပူချိန်ပိုမိုခံစားရမှု စတဲ့ အချက်ဆိုးတွေ ရှိနေပါတယ်။

နောက်တစ်ခေါက်တွေမှာတော့ ဘာကြောင့်ရန်ကုန်မှာ နေထိုင်သင့်လဲဆိုတဲ့အချက်တွေကို ရေးသားဖော်ပြပေးသွားပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ