Lifestyle: အသည်းကွဲနေချိန်မှာ ခရီးသွားသင့်တဲ့ နေရာများ

အသည်းကွဲဒဏ်ရာကို ကုစားဖို့အတွက် သင့်လျော်တဲ့ ခရီးစဉ်တွေကို ဖော်ပြပေးထားပါတယ်။

play

 

ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေ လမ်းခွဲပြတ်ဆဲကြပြီးတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်တက်ကြပါတယ်။ တကယ်တော့အသည်းကွဲတဲ့အခါ လုပ်စရာတွေမှ တပုံကြီးဖြစ်ပါတယ်။ ဘာကြောင့်အသည်းကွဲသည်ဖြစ်စေ အိမ်ခန်းထဲအောင်းပြီး အပြင်မထွက်ပဲနေတာက သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာ သေချာပါတယ်။ ဒါမှမဟုတ် အရက်တွေချည်းဖိသောက်နေတာမျိုးလည်း သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

တကယ်တော့ အသည်းကွဲလာခဲ့ပြီဆိုရင် တစ်နေရာရာကိုသာ အချိန်ပေးပြီး ခရီးထွက်လိုက်တာ အကောင်းဆုံးနဲ့ အမြန်ဆုံးကုစားနည်းဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သင်တို့နှစ်ဦး အမှတ်တရဖြစ်စေခဲ့တဲ့ နေရာတွေကိုတော့ ရှောင်ပါ။ ပတ်ဝန်းကျင်အသစ်၊ အထိအတွေ့အသစ်တွေက သင့်ကိုပုံမှန်အတိုင်း အမြန်ဆုံး ပြန်ဖြစ်စေဖို့ အဓိကအထောက်အကူ ပြုပါတယ်။ ကဲ အသည်းကွဲတဲ့အခါ ဘယ်နေရာတွေကို သင်ခရီးထွက်သင့်လဲ အောက်မှာ ကြည့်လိုက်ပါဦး။

၁။ ဘုရားဖူးခရီးစဉ်

play

 

လူအများစုရဲ့ စိတ်နှလုံးကို အနည်းဆုံးတော့ တဒင်္ဂငြိမ်းချမ်းမှုပေးနိုင်တဲ့ ဘုရားကျောင်းကန်တွေ ရှိတဲ့အရပ်ဖြစ်ပါတယ်။( သင်ဟာဘယ်သာဝင်ဖြစ်ပါစေ သင်နဲ့ သက်ဆိုင်တဲ့ဘုရားကျောင်းတွေဆီ သွားနိုင်ပါတယ်) ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ သွားစရာဘုရားဖူးခရီးတွေ ပေါလှပါတယ်။ စေတီတွေ လက်ညှိုးထိုးမလွဲ ရှိနေဆဲဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းက ပုဂံကို သွားချင်လည်းရပါတယ်။ ပုဂံမှာ ဘုရားဖူးရလွန်းလို့ အချိန်တွေ အကုန်မြန်လိုက်တာလို့ ထင်တောင်ထင်ချင်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ အပေါင်းအဖော်တွေ မိသားစုတွေနဲ့သွားတာ သင့်အတွက်ပိုအဆင်ပြေမယ်လို့ အကြံပြုပါရစေ။

ပုဂံမှာသွားစရာတွေများလှတဲ့အတွက် သင့်အတွက် အချိန်တွေမလောက်လို့ ဝမ်းနည်းစရာ ဘာကိုမှ သင်တွေးမိမှာ မဟုတ်ပါဘူး။ ပုဂံဘက်မသွားချင်သေးဘူးဆိုလည်း အလယ်ပိုင်းတစ်ဝိုင်းမှာရှိတဲ့ စစ်ကိုင်း၊ မကွေးဘက်တွေမှာ ဘုရားဖူးအစီအစဉ်မျိုးစုံရှိပါတယ်။ ဒါမှအားမရသေးရင် ကျိုက်ထိုဘက်က ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကိုလည်း သင်သွားနိုင်ပါသေးတယ်။ ကားမစီပဲ ခြေလျင်တောင်တက်လိုက်ရင် သင့်မှာရှိနေတဲ့ ဖိစီးမှုတွေ ပိုလို့တောင် မြန်မြန်ဆန်ဆန် ကွယ်ပျောက်လျော့ပါးသွားနိုင်ပါတယ်။  ဘုရားကျောင်းကန်အရိပ်ဟာ သင့်ကိုအေးမြငြိမ်းချမ်း စေပါလိမ့်မယ်။ အမြဲတမ်းငြိမ်းချမ်းဖို့အတွက်တော့ သင်ကိုယ်တိုင်ကြိုးပမ်းမှ ရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ ခရီးထွက်ဖို့ စဉ်းစားပြီဆိုရင် ဘုရားဖူးခရီးစဉ်ကို အရင်ဆုံးစဉ်းစားသင့်ပါတယ်။

၂။ တောင်ကြီး၊ အင်းလေး နှင့်ရှမ်းပြည်နယ်

play

 

ဒုတိယရွေးချယ်သင့်တာကတော့ မြန်မာပြည်မှာ ရာသီဥတုအသာယာဆုံး အပိုင်းဖြစ်တဲ့ ရှမ်းပြည်နယ်ဖြစ်ပါတယ်။ ဒီခရီးကလည်း တစ်ယောက်တည်းသွားရင် သင့်တွက် မသင့်တော်ပါဘူး။ တောင်ကြီးတန်ဆောင်တိုင်ပွဲအချိန်နဲ့ တိုးရင်သင့်အတွက် ပိုတောင်မှ အဆင်ပြေပါသေးတယ်။ လူတွေစည်စည်ကားကားနဲ့ ညအလှတွေထဲမှာ သင့်စိတ်ညစ်တာတွေ ပျောက်သွားပါလိမ့်မယ်။ အဲဒီဘက်မှာ အစားအစာလည်းကောင်းတဲ့အတွက် ဒီပတ်ဝန်ကျင်းသစ်က သင့်ကိုစိတ်ကျေနပ်မှု ပေးနိုင်မယ်လို့ ယူဆရပါတယ်။

တောင်ကြီးဘက်ရောက်ရင်တော့ အင်းလေးသွားဖို့ မခက်တော့ပါဘူး။ အင်းလေကန်ထဲရောက်နေချိန်တော့ လွမ်းစရာတွေမတွေးမိအောင် သတိထားပါ။ ဒါပေမယ့်လည်း အင်းလေးမှာ ဖောင်တော်ဦးဘုရားဖူးပြီး ဈေးဝယ်ဖို့ ပြင်ဆင်နေရတာနဲ့ သင်အကုန်မေ့ထားနိုင်ပါလိမ့်မယ်။

၃။ ရန်ကုန်၊ မန္တလေး

play

 

အသည်းကွဲပြီးချိန်မှာ သင်ဟာ ရန်ကုန်မှာနေသူဖြစ်မယ်ဆိုရင် မန္တလေးကိုရွေးနိုင်ပြီး မန္တလေးမှာ နေသူဖြစ်မယ်ဆိုရင်လည်း ရန်ကုန်ကိုရွေးနိုင်ပါတယ်။ အခြားမြို့မှာနေသူတွေကတော့ ကိုယ်နဲ့နီးစပ်ရာ ဒါမှမဟုတ် သွားချင်ရာမြို့ကိုသာ ရွေးကြပါ။ ဘာကြောင့်ဒီမြို့တွေကို သွားဖို့တိုက်တွန်းရလဲ ဆိုတာ အကြောင်းပြချက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမြို့နှစ်မြို့ဟာ အဓိကစီးပွားရေးမြို့တော်တွေဖြစ်ပြီး အစည်ကားဆုံး မြို့နှစ်မြို့လည်းဖြစ်ပါတယ်။ အပန်းဖြေစရာနေရာမျိုးစုံရှိပါတယ်။

Night Life အရသာကိုလည်း ကောင်းကောင်းခံစားလို့ရတဲ့ မြို့တွေဖြစ်ပါတယ်။ ညဘက်ရောက်သွားလို့ သင်သွားစရာနေရာမရှိမှာ မပူရပါဘူး။ ဒါပေမယ့် အပေါင်းအသင်းပါမှ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ ရှုပ်ထွေးစည်ကားလှတဲ့ စီးပွားရေးမြို့တော်တွေဖြစ်တဲ့အတွက် ပျာပန်းခပ်နေတဲ့ လူတွေကြားထဲမှာ သင့်ရဲ့ ဝေဒနာတွေသက်သာသွားဖို့ မျှော်လင့်ရပါတယ်။ တန်ခိုးကြီးဘုရားတွေရှိတာ၊ စားသောက်စရာ လည်ပတ်စရာ နေရာပေါများတာ၊ အလိုရှိရာကို အလွယ်တကူရှာဝယ်လို့ရနိုင်တာ၊ Night Life အရသာကိုပေးစွမ်းနိုင်တဲ့ စသဖြင့် ဒီမြို့တွေမှာ တူညီတဲ့အားသာချက်တွေရှိပါတယ်။

၎။ စည်ကားသော ဒေသပွဲတော်များ

play

 

ဥပမာ တောင်ကြီးတန်ဆောင်တိုင်ပွဲ၊ ပြင်ဦးလွင်ပန်းပွဲတော်၊ ပဲခူးရွှေမော်ဓေါဘုရားပွဲ ဒါမှမဟုတ် တောင်ပြုံးပွဲ စသဖြင့် အချိန်နဲ့တိုက်ဆိုင်စွာ ရှိနေတဲ့ပွဲလမ်းသဘင်တွေကိုလည်း သင်သွားရောက်နိုင်ပါတယ်။ လူစည်းကားတဲ့ အရပ်ကိုသွားလေလေ သင့်ရဲ့ဝေဒနာသက်သာဖို့ အခွင့်အလမ်းများလေလေ ဖြစ်တယ်ဆိုတာကို မမေ့စေချင်ပါဘူး။ ဒါကြောင့် ခရီးဝေးတယ်နီးတယ်ဆိုတာကို အဓိကမတွက်ပဲ သင်နဲ့အဆင်ပြေရာ အရပ်ကိုသာ သွားဖို့ တိုက်တွန်းချင်ပါတယ်။

၅။ ပြည်ပခရီးစဉ်

play

 

ဟုတ်ပါပြီ။ အသည်းကွဲတယ်ဆိုတာကလည်း ကြိုမှန်းလို့မရနိုင်တဲ့ အရာဆိုတော့ ခရီးသွားလို့ မကောင်းတဲ့ မိုးတွင်းကြီးဖြစ်နေပြီဆိုရင်လည်း အခက်တွေ့တက်ပါတယ်။ သွားလေရာ မိုးကလိုက်စွေရင် အလွမ်းဓါတ်တွေ ပိုတောင်တိုးလာနိုင်တဲ့အခြေအနေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်တွင်းခရီးသွားဖို့ အဆင်မပြေဘူးဆိုရင် ပြည်ပခရီးကို ရွေးချယ်နိုင်ပါသေးတယ်။ ဘန်ကောက်၊ စင်္ကာပူ စသဖြင့် သင့်အတွက် အဆင်ပြေနိုင်မယ့် သိပ်မဝေးလှတဲ့ နိုင်ငံခြားခရီးစဉ်တစ်ခုကိုရွေးနိုင်ပါတယ်။ လေယာဉ်လက်မှတ်တွေလည်း ဈေးသိပ်မကြီးတော့တဲ့ အချိန်ရောက်နေပြီဖြစ်လို့ ဘန်ကောက်တို့ စင်္ကာပူတို့မှာ လည်ပတ်ဈေးဝယ်ထွက်ရင်း အသည်းကွဲတာကို ကုစားနိုင်ပါသေးတယ်။

၆။ ကမ်းခြေတစ်ခုခု

play

 

ကမ်းခြေကိုတော့ ဒီစာရင်းရဲ့ နောက်ဆုံးနေရာမှာပဲ ထားပါတယ်။ အကြောင်းကတော့ အသည်းကွဲချိန်နဲ့ ကမ်းခြေဟာ သိပ်လိုက်ဖက်လွန်းပြီး အလွယ်တကူခံစားရနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူငယ်ချင်းများများ နဲ့သာ သွားပါ။ ကမ်းခြေရောက်ပြီးမှ ဘန်ဂလိုရှေ့မှာ ထိုင်ခုံချပြီး ပင်လယ်ကြီးကိုငေးနေတာမျိုးပဲ လုပ်မနေပါနဲ့။ အဲဒါပိုဆိုးစေပါတယ်။ သူငယ်ချင်းတွေနဲ့ ထိတွေ့ပြီး တက်နိုင်သမျှ လှုပ်ရှားမှုတွေလုပ်ပါ။ စက်ဘီစီး၊ ဘောလုံးကန်၊ ရေကူးစသဖြင့် ကစာနည်းမျိုးစုံနဲ့ ကမ်းခြေမှာ အပန်းဖြေနိုင်ပါတယ်။ လူသိပ်ရှင်းတဲ့ ကမ်းခြေမျိုးကို ဒီအချိန်မှာ မရွေးဖို့ တိုက်တွန်းပါရစေ။

အထက်က ပြောခဲ့သလို လူများများ မြင်ရလေ သင့်ကိုမြန်မြန်ကုစားနိုင်လေ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ