Lifestyle: ရန်ကုန်မှာ နေထိုင်သင့်တဲ့ကြောင်းအရင်း ၉ ချက်

, updated

စီပွားရေးမြို့တော်ရန်ကုန်ဟာ ဘာကြောင့်နေချင်စရာ ကောင်းရတာလဲဆိုတဲ့အချက် ၉ ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

play

 

ရန်ကုန်မြို့မှာ နေထိုင်ရတဲ့ဒုက္ခတွေအကြောင်းကို ရေးသားဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီတစ်ခါတော့ ရန်ကုန်မှာ ဘာကြေင့် နေသင့်လဲ ဆိုတဲ့အကြောင်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကစီပွားရေး မြို့ တော်ကြီးဟာ လူသန်းပေါင်းများစွာနဲ့ အခြားသော စီးဆင်းလည်ပတ်မှုတွေကို ထမ်းပိုးထားရတဲ့ အတွက် ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလဲ ရှိခဲ့၊ ရှိဆဲ၊ ရှိနေဦးမှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့က လူငယ်တွေ၊ လူကြီး တွေအားလုံး ရန်ကုန်မှာ ဘာကြောင့်လာနေသင့်လဲ ဆိုတဲ့ အချက်တွေကို အောက်မှာ ဆက်ကြည့်ရအောင်ပါ။

၁။ အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်း

play

 

ရန်ကုန်ဟာ စီးပွားရေးမြို့တော်ဆိုတဲ့အတိုင်း အလုပ်အကိုင်အခွင့်အလမ်း သိပ်ကိုများပြားပါတယ်။ ရန်ကုန်မှာ လည်ပတ်နေတဲ့ ကုမ္ပဏီ၊ စက်ရုံ၊ လုပ်ငန်းတွေကနေ နေ့စဉ်လုပ်သားအများအပြား လိုအပ်လျှက်ရှိပါတယ်။ လည်ပတ်စီးဆင်းနေတဲ့ လုပ်ငန်းပေါင်း ထောင်နဲ့ချီရှိနေတာကြောင့် အလုပ်သမား၊ ဝန်ထမ်းများအတွက် အလုပ်အကိုင်ပေါများလှတဲ့ မြို့ကြီးဖြစ်ပါတယ်။ ကုမ္ပဏီဝန်ထမ်း၊ ကာယာလုပ်သား၊ ဥာဏလုပ်သား၊ စသဖြင့် အလွှာပေါင်းစုံအတွက် အလုပ်အကိုင်နေရာပေါင်း သောင်းနဲ့ချီ ရှိနေတဲ့ မြို့ဖြစ်ပါတယ်။

၂။ မပျင်းရခြင်း

play

 

ရန်ကုန်မှာနေသူများအတွက်တော့ ပျင်းစရာအချိန်တွေရယ်လို့ မရှိသလောက်ဖြစ်ပါတယ်။ ရန်ကုန်ဟာ အပန်းဖြေစရာ၊ သွားစရာလာစရာပေါများပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အပန်းဖြေနေရာတွေ အလွန်ပေါများ လာပါတယ်။ အပြင်မထွက်ချင်ရင်တောင် အနီးက အခန်းဖော်၊ တိုက်ခန်းဖော်တွေနဲ့ သင်ဘီယာသောက်ရင်း စကားစမြည်ပြောနိုင်ပါတယ်။ ဒီလိုမဟုတ်လည်း အပြင်ထွက်လိုက်ရင် အပျင်းပြေသွားစရာ ပေါများပါတယ်။ ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ဈေးဝယ်စင်တာစသဖြင့် ကြိုက်ရာနေရာ ရွေးနိုင်ပါတယ်။

၃။ လေ့လာစရာ ပေါများခြင်း

play

 

ရန်ကုန်မြို့မှာ အတက်ပညာပေါင်းစုံသင်ကြားပေးတဲ့ သင်တန်းတွေ၊ ကျောင်းတွေ ရှိပါတယ်။ အလုပ်အကိုင် ကောင်းရဖို့၊ နိုင်ငံခြားသွားဖို့၊ ဒါမှမဟုတ် သက်မွေးမှု ပညာတစ်ခုခု စသဖြင့် ရန်ကုန်မှာ အလွယ်တကူ သင်ကြားလို့ရနိုင်ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ စသဖြင့် အနုပညာ နယ်ပယ်တွေမှာ စိတ်ဝင်စားသူတွေ အတွက်လည်း အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ ရန်ကုန်မြို့မှာ ကြိုးစားနိုင်ပါတယ်။ သင့်ရဲ့ စိတ်ကူးအိပ်မက် အလုပ်အကိုင်နဲ့ ပရော်ဖက်ရှင်နယ်ဘဝကို ရန်ကုန်က အောင်မြင်အောင် ကူညီပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။

၎။ ကိုယ်ပိုင်လုပ်ငန်းကို အောင်မြင်အောင် လုပ်ကိုင်နိုင်ခြင်း

play

 

ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူတွေအတွက်လည်း အခွင့်အလမ်များ ပေါများလှပါတယ်။ အတိုင်းအတာ တစ်ခုအထိ ငွေကြေးလိုအပ်ချက်ရှိရမှာ ဖြစ်ပေမယ့် သင့်ကိုကူညီပေးနိုင်မယ့် ဘဏ်တွေ၊ ပူးတွဲ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းများစွာကို ဒီနေရာမှာ အလွယ်တူပင် ရှာတွေ့နိုင်ပါတယ်။ ရန်ကုန်စီးပွားရေး မြို့တော်မှာ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်နိုင်ပြီဆိုရင် အခြားနေရာတွေမှာလည်း သင်လုပ်ငန်းလည်ပတ် နိုင်ဖို့ လိုအပ်တဲ့ အတွေ့အကြုံနဲ့ ရင်းနှီးမြုပ်နှံမှု ရသွားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းနယ်ပယ်ကတဆင့် သိကျွမ်းရမယ့် လုပ်ငန်းရှင်၊ ပူးပေါင်းပါဝင်သူတွေနဲ့တူ သင့်အတွက် အကျိုးရှိမယ့် အသိမိတ်ဆွေများစွာကိုလည်း ထပ်ရနိုင်ပါသေးတယ်။

၅။ သယ်ယူပို့ဆောင်ရေးစနစ်များပြားခြင်း

play

 

အခြားမြို့တွေထက် ကောင်းမွန်ပြည့်စုံတဲ့အချက်က အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ပါတယ်။ ရုံးတက်ရုံးဆင်းချိန်တွေဖြစ်တဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ကားကြပ်တဲ့ပြဿနာကို ရင်ဆိုင်နေရပေမယ့် သင်အိမ်ပြန်နောက်ကျလည်း ပြဿနာသိပ်မရှိပါဘူး။ ရန်ကုန်မှာ ညသန်းခေါင်းယံကျော်အထိ ပြေးဆွဲနေတဲ့ လိုင်းကားအချို့ရှိသလို ည ၈ နာရီကနေ  ၉ နာရီလောက်အထိလည်း မီးရထားကိုမြို့တွင်းသွားလာဖို့ အသုံးပြု နိုင်ပါသေးတယ်။ ဒါမှမဟုတ်ရင် ၂၄ နာရီပြည့်လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေလည်း ပေါများလှပါတယ်။ ရန်ကုန်မှာ ဘယ်နေရာကို သွားချင်လဲဆိုတာ အချိန်ကြည့်ဖို့ သိပ်မလိုပါဘူး။

၆။ သင့်ကို ရင့်ကျက်လာစေခြင်း

play

 

ရန်ကုန်မှာ ရတဲ့အတွေ့အကြုံတွေက သင့်ကိုအချိန်တိုအတွင်းမှာ ရင့်ကျက်လာစေပါတယ်။ ရန်ကုန်မှာ သင့်အတွက်နေ့စဉ်နေ့တိုင်း အတွေ့အကြုံအသစ်အဆန်းတွေရနိုင်ပြီး လူအမျိုးမျိုးနဲ့လည်း တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ သင့်ကိုရင့်ကျက်ပြီး စဉ်းစားချင့်ချိန်နိုင်တဲ့ သူတစ်ဦးအဖြစ် ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွေ့အကြုံဟာ ငွေနဲ့ပေးဝယ်ဖို့ခက်ပါတယ်။ သင်နေ့စဉ် ကြုံနေရတဲ့ အခက်အခဲ တွေဟာ အမှန်တော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါ။  စိန်ခေါ်မှုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ စားဝတ်နေရင် ကိစ္စတွေကို တစ်ပြိုင်တည်းရင်ဆိုင်ရချိန်မှာ သင်ဟာ အရင်ကထက် ရင့်ကျက်သူ တစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။

၇။ စိတ်ဓာတ်ခွန်အား ဖြစ်စေခြင်း

play

 

ရန်ကုန်မှာ နေတဲ့အခါ အောင်မြင်နေသူတွေနဲ့လည်း သင်နီးနီးကပ်ကပ် နေထိုင်ရနိုင်ပါတယ်။ အနည်းဆုံးတော့ အောင်မြင်သူတွေအကြောင်းဟာ သင့်နားထဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်နေမှာ ဖြစ်ပါတယ်။ သင့်အတွက်သူတို့ ကြိုးစားပုံ လုပ်ပုံကိုင်ပုံတွေကြည့်ပြီး စိတ်ဓါတ်ခွန်အားဖြစ်စေနိုင်ါပတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကြိုးစားနေကြတဲ့အခါ ကိုယ်လည်း ဒီအတိုင်းထိုင်နေလို့ မရဘူးဆိုတဲ့ စိတ်သင့်ရဲ့ အတွေးထဲကို ဝင်လာစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးအိပ်မက်ထဲက စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် သင့်ဘဝ တက်လမ်းအတွက် သူများတွေကြည့်ရင်း အကြံဥာဏ်စိတ်ကူးသစ်တွေလည်း ရနိုင်ပါတယ်။ ဒါမှမဟုတ် အောင်မြင်သူများရဲ့ ခြေရာတွေကို သင့်လေ့လာနိုင်ပါသေးတယ်။

၈။ လွတ်လပ်ခြင်း

play

 

ဟုတ်ပါတယ်။ ရန်ကုန်မှာ နေရတာ လွတ်လပ်ပါတယ်။ ဒီလောက် ကားကြပ်ကြပ်၊ တိုက်ခန်းကြပ်ကြပ်ထဲမှာ ဘယ်နေရာလွတ်လပ်လို့လဲလို့ သင်တွေးနေမယ်ထင်ပါတယ်။ လွတ်လပ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုထက် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ဆိုချင်တာပါ။ မြို့ပြလူနေမှုစရိုက်ဖြစ်တဲ့အတွက် သင်ဘာဝတ်တယ်၊ ဘာစားတယ်၊ ဘယ်သွားတယ်ဆိုတာကို အကဲခပ်နေမယ့်သူ ရှားပါတယ်။ သင့်ရဲ့လှုပ်ရှားမှု တွေကိုလည်း မသိနိုင်ဖို့ကသာ များပါတယ်။

အများသူငါအားလုံး ငေးမောချိန်မရပဲ သွားလာလှုပ်ရှားနေကြတဲ့ မြို့ပြကြီးထဲမှာ သင့်ရဲ့ လှုပ်ရှားမှုတွေကို အကဲခပ်နေမယ့်သူဟာ အတော်လေးရှားပါးလိမ့်မယ်။ တိုက်ခန်းအသစ်ပြောင်းလာတာ တစ်လ၊နှစ်လလောက်ကြာတဲ့အထိ ကိုယ့်ရဲ့တစ်ဖက်ခန်း၊ အပေါ်ခန်း၊ အောက်ခန်းမှ ဘယ်သူတွေနေတယ် ဆိုတာတောင်သိဖို့မလွယ်တဲ့ လူနေမှု စနစ်ကြီးက သင့်ကိုလွတ်လပ်မှုတွေ ပေးထားပါတယ်။

၉။ စားစရာ သောက်စရာ ပေါများခြင်း

play

 

ဒါကလည်း ရန်ကုန်ရဲ့ အားသာချက် တစ်ခုပါ။ ရန်ကုန်မှာ လမ်းဘေးမုန့်ဆိုင်များစွာ ပေါများသလို လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင် စသဖြင့် အစားအစာအတွက် ဆိုင်မျိုးစုံ ပေါများလှပါတယ်။ သင့်နေတဲ့လမ်းထိပ်ထွက်လိုက်ရင်တောင် အနည်းဆုံးလက်ဖက်ရည်ဆိုင်တော့ တွေ့ရမှာဖြစ်ပါတယ်။ ထမင်းဟင်းကို ညီးငွေ့နေသူဖြစ်တယ်ဆိုရင်လည်း အပြောင်းအလဲလုပ်ပြီး အခြားအစားအစာတွေကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ ညဘက်ရောက်တဲ့အထိ သင့်အတွက်စားသောက်ဖွယ်ရာ ဆိုင်မရှိတော့မှာ ပူစရာမလိုပါဘူး။ ထိုင်းစာ၊ ရှမ်းစာ၊ တရုတ်စာ၊ ဥရောပစာ တွေအားလုံးဟာ သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူ ဝယ်ယူစားသုံးလို့ ရနိုင်နေပါတယ်။

Photos : nytimes, myanmar-diaries, seaston88.tumblr, tripadvisor, trekearth, Lucy Stevens (@lucyfjstevens),

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ