Lifestyle: မြန်မာနိုင်ငံဆီက သင်လွမ်းနေမယ့် အရာများ

, updated

မွေးရပ်မြေကို ကာလကြာရှည် ခွဲခွာနေရသူတွေအနေနဲ့ တစ်ချိန်မဟုတ်တစ်ချိန် ဒီလိုလွမ်းစရာတွေ ကြုံရတတ်ပါတယ်။

play

 

ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေး တစ်ခုဖြစ်ပေမယ့် မြန်မာပြည်မှာ နေထိုင်ရတာကို မြန်မာပြည်သားတွေ နှစ်သက်ကြပါတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတဲ့ အခြေခံအဆောက်အဦတွေ ရှားပါးနေဆဲ ဖြစ်ပေမယ့် မွေးကတည်းက ရင်းနှီးလာတဲ့နိုင်ငံရဲ့ဓလေ့စရိုက်တွေကို လွယ်လွယ်နဲ့ မမေ့နိုင်ကြပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကို အချိန်အတော်ကြာစွန့်ခွာရတဲ့အခါ နိုင်ငံရဲ့ဓလေ့စရိုက် အငွေ့အသက်တွေကို လွမ်းကြရပြန်ပါတယ်။ မိခင်တိုင်းပြည်နဲ့ ဝေးနေသူတွေအနေနဲ့ မွေးရပ်မြေက ဘယ်လိုအရာတွေကို အလိုချင်ဆုံး၊ အလွမ်းမိဆုံး ဖြစ်မယ်ထင်ပါသလဲ။ မွေးရပ်မြေနဲ့ အဝေးရောက်နေတဲ့ လူအများစု တမ်းတမက်မောကြတဲ့ မြန်မာပြည်က အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဘုရားစေတီများ

play

 

မြန်မာပြည်မှာ ရှိစဉ်က အခါကြီးရက်ကြီးတွေ၊ မွေးနေ့ရက်မြတ်တွေမှာ ဘုရားသွားဖို့ အခက်အခဲ မရှိခဲ့ပေမယ့် ပင်လယ်ရပ်ခြား ရောက်နေသူတွေအဖို့တော့ ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မွေးရပ်မြေ အသီးသီးမှာ စေတီကျောင်းကန်တွေ ပေါခဲ့ပေမယ့် မွေးရပ်မြေအဝေး တိုင်းတပါးမှာတော့ ဒီလိုမရှိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံရပ်ခြား ရောက်နေသူတွေ မိခင်ပြည်ကို ခွဲရတာကြာတဲ့အခါ ဘုရားစေတီတွေ သွားချင်စိတ် ဖြစ်လာပါလိမ့်မယ်။

၂။ မုန့်ဟင်းခါး

play

 

မနက်စောစောမှာ အငွေ့တစ်ထောင်းထာင်းနေတဲ့ မုန့်ဟင်းခါးကို နှစ်သက်ရာအကြော်နဲ့ အလွယ်တကူစားသုံးလို့ ရနိုင်တာ မြန်မာပြည်ပါ။ အချို့နိုင်ငံရပ်ခြားတွေမှာ မြန်မာ့မုန့်ဟင်းခါးနည်းစနစ်အတိုင်း အသင့်စား မုန့်ဟင်းခါးတွေဖန်တီးပြီး ရောင်းချကြပေမယ့် အရသာကတော့ ထပ်တူမညီပါဘူး။ အထူးသဖြင့် အငွေ့တစ်ထောင်းထောင်း ထနေတဲ့ မုန့်ဟင်းခါးကို ကြွပ်ရွနေတဲ့အကြော်နဲ့ တွဲဖက်စားသုံးပြီး လက်ဖက်ရည်တစ်ခွက် သောက်ရတဲ့ အရသာကို တိုင်းတပါးမှာ မရနိုင်ပါဘူး။

၃။  ရိုးရာထမင်းဟင်းနှင့် ငပိထောင်း/ငပိရည်

play

 

ဒီအစားအစာကို နိုင်ငံရပ်ခြားမှာ စားချင်တာတော့ အဆိုးဆုံးဖြစ်ပါတယ်။ နိုင်ငံအချို့မှာ ဒီလို မြန်မာအစားအစာတွေ ရောင်းချမှုရှိပေမယ့် ဒီမှာစားရတဲ့ အရသာလိုမျိုးတော့ ထပ်တူမကျပါဘူး။ အထူးသဖြင့် မစားရတာကြာလာတဲ့ အချိန်မှာ ငပိရည်နဲ့ ထမင်းကို အားရပါးရ နယ်စားချင်စိတ် ပေါက်လာပါလိမ့်မယ်။

၎။ လက်ဖက်ရည်ဆိုင်များ

play

 

နိုင်ငံတိုင်းတော့ လက်ဖက်ရည်ဆိုင်တွေ ကော်ဖီဆိုင်တွေရှိကြပါတယ်။ ဒါပေမယ့် မြန်မာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မျိုး အတွေ့အကြုံကိုတော့ သင် ထပ်တူမရနိုင်ပါဘူး။ သူငယ်ချင်းတွေနဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားပြောရတာမျိုးတွေကို အဝေးရောက်နေသူတွေ သတိရတက်ကြပါတယ်။ ဘယ်မှာမဆို လက်ဖက်ရည်၊ ကော်ဖီသင်သောက်လို့ ရနိုင်ပေမယ့် မြန်မာပြည်က လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာမျိုးကိုတော့ သင်ရဖို့ မလွယ်ပါဘူး။

၅။ ကြုံသလို ကူးရတဲ့ မြန်မာပြည်က လမ်းမများ

play

 

အထူးသဖြင့် စင်္ကာပူတို့လို၊ အနောက်တိုင်း မြို့တွေလို နေရာမျိုးကို သင်ရောက်သွားပြီဆိုရင် မြန်မာပြည်က လမ်းမတွေကို သင်ပြန်လွမ်းနေရမှာပါ။ လူကူးမျဉ်းကြားကမကူးပဲ ကြုံသလိုကူးခဲ့ရတာတွေ၊ ယာဉ်တွေကြားထဲ လမ်းဖြတ်ကူးပြီး ပွတ်ကာသီကာ ရှောင်တိမ်းရတာတွေကို သင်ပြန်အမှတ်ရနေမှာပါ။ မြန်မာပြည်မှာ မီးပွိုင့်စိမ်းသည်ဖြစ်စေ၊ နီသည်ဖြစ်စေ သင်လမ်းဖြတ်ကူးတာမျိုး လုပ်ခဲ့ပေမယ့် အခြားနိုင်ငံတွေက မြို့လယ်ခေါင်မှာတော့ ဒါမျိုးလုပ်ဖို့ မလွယ်လှပါဘူး။

၆။ လမ်းဘေးစာများ

play

 

လမ်းမတွေပေါ်မှာ လှည်းတစင်းနဲ့ လိုက်လံရောင်းချတဲ့ ဆီးသီး၊ သရက်သီ၊ နာနာတ်သီး စတဲ့ဈေးသည်တွေကို မတွေ့ရတာကလည်း မွေးရပ်မြေအဝေးမှာ နေရသူတွေရဲ့ ဒုက္ခဖြစ်ပါတယ်။ တစ်ခါတစ်ရံ စားချင်တဲ့ အာသီသ ဖြစ်လာရင်တောင် မြန်မာပြည်က လွဲလို့ အခြားနိုင်ငံမှာဒါမျိုးဝယ်စားဖို့ မလွယ်ပါဘူး။ ဒါမှမဟုတ် လမ်းမပလက်ဖောင်းတွေပေါ်မှာ ရောင်းချတဲ့ မုန့်သည်တွေကိုလည်း သင်လွမ်းချင်လွမ်းနေဦးမှာပါ။

၇။ ဘီယာဆိုင်များ

play

 

မြန်မာပြည်မှာ ရခဲ့တဲ့ တန်ဖိုးသင့် ဘီယာနဲ့ စားသောက်ဖွယ်ရာတွေကလည်း လွမ်းစရာတွေထဲက တစ်ခုပါ။ မြန်မာပြည်မှာသာ ပေါပေါများများရနိုင်တဲ့ ဘီယာတံဆိပ်ကိုလည်း သင်တစ်ခါတစ်လေ လွမ်းမိမှာ သေချာပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ဘီယာတံဆိပ် ပိုပေါနိုင်ပေမယ့် ဈေးနှုန်းကတော့ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေဖို့သာ များပါတယ်။ အထူးသဖြင့် လူကျပ်ကျပ် စားပွဲကျပ်ကျပ်မှာ ထိုင်သောက်ရတဲ့ ဘီယာဆိုင် အရသာကလည်း လွမ်းစရာတွေထဲက တစ်ခုဖြစ်ပါတယ်။

၈။ နှစ်သစ်ကူးသင်္ကြန်

play

 

မြန်မာပြည်မှာ လုပ်ငန်းတွေအားလုံးရပ်နားပြီး နှစ်သက်ကူးနေချိန်ဟာ အနောက်တိုင်းနဲ့ အခြားနိုင်ငံတွေမှာတော့ သာမန်ရက်တွေအတိုင်း အလုပ်သွား၊ ကျောင်းတက် လုပ်ရတဲ့ အချိန်ဖြစ်ပါတယ်။ နှစ်သစ်ကူးသင်္ကြန်ဆိုရင် မြန်မာပြည်မှာ လုပ်ခဲ့တဲ့အရာတွေကို အဝေးရောက်နေသူတွေ ပြန်သတိရမှာ သေချာပါတယ်။  အထူးသဖြင့် လူမှုကွန်ယက်တွေ ထွန်းကားတဲ့ ယနေ့လို ခေတ်ကြီးထဲမှာ သင်္ကြန်မြင်ကွင်းတွေကို အင်တာနက်ပေါ်က မြင်ရတဲ့ အခါမွေးရပ်မြေနဲ့ ခွဲနေရသူတွေအဖို့ ရောဂါပိုလို့ တိုးစေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ