Lifestyle: ရန်ကုန်မြို့ပြဘဝကို တစ်နှစ်ဖြတ်သန်းပြီးနောက် အတွေ့အကြုံများ ဝေမျှခြင်း

တိုးတက်ရာလမ်းစရှာဖွေဖို့ မြို့ပြလူနေမှုဘဝထဲ ဝင်လာချင်သူတွေအတွက် မြို့ပြအတွေ့အကြုံတွေကို ဝေမျှထားပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ကျွန်တော်ရန်ကုန်ကိုသွားတော့မယ်လို့ သူငယ်ချင်းတွေနဲ့ မိသားစုကို ပြောပြတော့ သူတို့မျက်နှာတွေက ဝမ်းသာဟန်မပြခဲ့ကြပါဘူး။ နေရာစရာအိမ်မရှိသေး၊ အလုပ်မရှိသေးတဲ့ အပြင် အဆက်အသွယ် အနည်းငယ်လောက်ပဲရှိတဲ့ ကျွန်တော့်အနေနဲ့ ရန်ကုန်သွားဖို့မလွယ်ဘူးဆိုတာ သူတို့တွေးနေကြမယ်ထင်ပါတယ်။

play

 

အခုတော့လည်း ရန်ကုန်ရောက်တာ ၁ နှစ်ကျော်တောင်ကြာခဲ့ပါပြီ။ ရန်ကုန်ဇာတိမဟုတ်သူ တစ်ယောက်ရဲ့ ရန်ကုန်အတွေ့အကြုံဟာ ခက်ခဲပင်ပန်းလှတယ်ဆိုတာ ဒီကိုရောက်နေသူ ကျွန်တော်နဲ့ဘဝတူတွေအားလုံး သိကြမှာပါ။ ရုပ်ရှင်တွေထဲကလို မြို့ပြဘဝဟာ လွယ်လွယ်ကူကူရတာ ဘာမှမရှိပဲ အရာရာဟာ ကြားခဲ့သမျှထက် ပိုပြီးခက်ခဲပင်ပန်းခဲ့တယ်လေ။ ကျွန်တော်တို့လို ဘဝရဲ့စာမျက်နှာသစ်ဖွင့်လှစ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုမြို့ပြတွေကို လာချင်သူတွေလည်း အများအပြားရှိနေဦးမှာပါပဲ။ ဒါကြောင့် ရန်ကုန်မှာ ရှိခဲ့တဲ့ တစ်နှစ်ကျော်အတွင်းကျွန်တော်သိလာရတဲ့ အရာတွေက ပြန်ပြောပြပါရစေ။

၁။ ဦးစားပေးရမယ့် အရာတွေရှိလာမယ်

play

 

ရန်ကုန်မှာ ရှင်သန်နေထိုင်ဖို့ဆိုရင် အားလုံးဟာ ဦးစားပေးရမယ့်အရာတွေကို ရွေးချယ်တက်ဖို့လိုပါတယ်။ တစ်ကိုယ်တည်းသမားတွေအတွက်တော့ အလုပ်ကနံပတ် ၁ ဖြစ်မယ်ထင်ပါတယ်။ ဒီလိုမြို့ပြတွေမှာ လူတွေက ကိုယ်ပိုင်အချိန်သိပ်မရကြပါဘူး။ ပျှမ်းမျှအားဖြင့် မြို့ပြနေထိုင်သူတွေဟာ တစ်ရက်ကိုပျှမ်းမျှ လေးနာရီလောက်သာ ကိုယ်ပိုင်အချိန်အဖြစ် ရကြပါတယ်။ မနက် ၈း၃၀ နာရီလောက်ကနေ စတင်လည်ပတ်လိုက်တဲ့ မြို့ပြလုပ်ငန်းစဉ်တွေဟာ ည ၉ နာရီလောက်အထိ မရပ်မနား ရှိနေတက်ကြပါတယ်။ အနည်းဆုံးတော့ မြို့ပြဝန်ထမ်းတစ်ဦးဟာ တစ်နေ့ကို ရှစ်နာရီထက်ပိုတဲ့  အလုပ်ချိန်နဲ့ လုပ်ငန်းခွင်းတွေမှာ ရှိနေရတက်ပါတယ်။ ဒီတော့ အားလပ်ချိန် တစ်ရက်လေးနာရီလောက်အတွင်းမှာ အရေးကြီးတာဘယ်အရာကို စလုပ်ရမလဲဆိုတာ သေချာရွေးချယ်ရပါတယ်။

၂။ ဘာတွေလုပ်နေလဲဆိုတာ အမြဲမေးခံရမယ်

play

 

အလုပ်ထဲမှာ သင့်ရဲ့အထက်ကြီးနဲ့တွေ့ရင်လည်း ဒီမေးခွန်းမကြာခဏ အမေးခံနိုင်ပါတယ်။ ဒါမှမဟုတ် လမ်းသွားရင်း မတွေ့တာကြာသွားတဲ့ အသိအကျွမ်းနဲ့တွေ့ရင်လည်း ဒီမေးခွန်းအမေးခံရဖို့က သေချာသလောက်ရှိပါတယ်။ ‘‘ မင်းဘာတွေလုပ်နေလဲ’’ ဆိုတာ ရန်ကုန်လိုနေရာမျိုးမှာ လူတိုင်းအတွက် နှုတ်ဆက်စကားလို့ ဆိုနိုင်ပါတယ်။ နောက်ပြီး ရန်ကုန်မှာ ဘယ်လိုနေရလဲဆိုတဲ့ ဘဝတွေကို သူတို့မေးကြမယ်။ အများစုကတော့ မေးခွန်းတွေမေးပြီးထွက်သွားတာကြတာများပါတယ်။ ဘာကူညီပေးရမလဲဆိုတာမျိုးတော့ မေးဖို့ မေ့သွားတက်ကြပါတယ်။

၃။ ကြာလာတဲ့အခါ ရန်ကုန်ကို ကျောခိုင်းချင်လာမယ်

play

 

ရောက်ပြီး လအနည်းငယ်လောက်ကြာရင် ရန်ကုန်ကို သင်ကျောခိုင်းချင်စိတ်ပေါက်လာမယ်ဆိုတာ သေချာပါတယ်။ ဘာမှအဆင့်သင့်မရှိတဲ့ ကျွန်တော်တို့လို လူမျိုးတွေအတွက် ရန်ကုန်ဟာ လအနည်းငယ်လောက်အတွင်းမှာ အဆင်ပြေအောင် ဖန်တီးမပေးနိုင်ပါဘူး။ တစ်ချိန်လုံး ဆူညံပြီး လူရှုပ်နေတဲ့ မြို့ပြကို သင်စိတ်ပျက်လာမယ်။ အဲဒါကြောင့် တစ်ရက်၊ နှစ်ရက်လောက် အိမ်ပြန်သွားတာမျိုးဖြစ်စေ ခရီးထွက်လိုက်တာမျိုးဖြစ်စေ လုပ်ချင်လာပါလိမ့်မယ်။ ဒါပေမယ့်လည်း ရန်ကုန်ဟာ ပြန်မလာလို့ မရအောင်ကို အခြေအနေတွေက ဖန်တီးထားတက်ပါတယ်။ နောက်တော့လည်း ရန်ကုန်ကိုပြန်ခြေချရပြန်တာပါပဲ။

၎။ မြို့ပြဟာ ခေတ္တတည်းခိုစရာ နေရာပဲလို့ တွေးမိလာမယ်

play

 

ဒါမျိုးကို ရန်ကုန်ရောက်လာသူ အတော်များများတွေးမိကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ ရောက်ချင်တဲ့ပန်းတိုင်၊ လိုအပ်တဲ့အရာတွေကို ရန်ကုန်ဆီကရပြီးသွားရင် ရန်ကုန်ကိုအပြီးစွန့်ခွာမယ်လို့ တွေးထားတယ်။ ဒီမှာနေခဲ့တဲ့ တစ်နှစ်အတွင်း ကျွန်တော်ကြုံခဲ့ရတဲ့သူ အတော်များများကလည်း ဒါမျိုး ကြံစည်နေကြသူတွေပဲလေ။ ဒီမှာနေရတဲ့ အကောင်းဆုံးအကြောင်းပြချက်က အခွင့်အရေးတွေရနိုင်လို့ ဖြစ်ပါတယ်။ ကိုယ်မျှော်လင့်တဲ့ နောက်တဆင့်ကို ရန်ကုန်မှာနေရင်းဖြတ်သန်းတာက အဆင်အပြေဆုံး ဖြစ်ပါလိမ့်မယ်။ ဒီထက်ပိုပြောရရင် ရန်ကုန်မှာနေထိုင်တာက ကမ္ဘာကြီးနဲ့တစ်သားတည်းဖြစ်အောင် လုပ်ပေးထားသလိုပါပဲ။

၅။ ရန်ကုန်ရောက်သူတိုင်း ရုန်းကန်ရ

play

 

ရန်ကုန်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတွေရှိပါတယ်။ ဒီလိုပဲ ကိုယ်မွေးဖွားရာဒေသမှာ တိုးတက်ဖို့အခွင့်အလမ်း မမြင်တော့တဲ့အခါ ရန်ကုန်၊ မန္တလေး ဒါမှမဟုတ် နယ်စပ်၊ နိုင်ငံခြား စသဖြင့် သွားရောက်နေသူတွေ သန်းနဲ့ချီရှိကြမယ်ထင်ပါတယ်။ တစ်နှစ်တာကာလအတွင်း ကျွန်တော်တွေ့ခဲ့ရတဲ့ ဘဝတူလူငယ်တွေကြားထဲမှာ အကြားရဆုံးကတော့ အဆင်မပြေဘူးကွာ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ နေရာ အတည်တကမရှိ၊ စားဝတ်နေရေးလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တဲ့ အလုပ်အကိုင် မရသေးချိန်တွေမှာတော့ ရန်ကုန်ဟာ သိပ်ကိုရက်စက်တဲ့ မြို့ပြဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခွင့်အလမ်းကို လိုချင်သူတွေ ကျွန်တော်တို့လို လူငယ်တွေအတွက်တော့ ရက်စက်တဲ့ မြို့ပြ လူနေမှုဘဝထဲမှာ ဆက်ရုန်းကန်ရင်း ကြိုးစားနေရဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ